နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၆ ရက်

စစ်တပ်က အာဏာသိမ်းထားသည့် ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ လက် အောက်ခံ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ) အပါအဝင် ခြေလျင်/ခြေမြန် တပ်ရင်းများတွင် ရှေ့တန်းထွက်နိုင်သည့် အင်အား ၇၀ နှင့် ၈၀ ကြားသာ ရှိတော့၍ စစ်ကောင်စီတပ်အင်အားသည် ထင်ထားသည်ထက် ဆိုးရွားစွာ ပျက်စီးလာကြောင်း CDM ဗိုလ်ကြီးများက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ စကခ(၁) လက်အောက်ခံ တိုက်ခိုက်ရေးတပ်ရင်း တစ်ရင်းဖြစ်သည့် နောင်ချိုမြို့အခြေစိုက် အမှတ်(၁၁၄) ခြေမြန်တပ်ရင်း (ခမရ-၁၁၄) တွင် ရှိရင်း အင်အား ၁၃၂ ဦးသာ ကျန်ရှိတော့သလို ရှေ့တန်းထွက်နိုင်သည့် အင်အားမှာလည်း ၇၀ ဦးသာ ရှိတော့ကြောင်း သက်ဆိုင်ရာသို့ တင်ပြရသည့် အဆိုပါတပ်ရင်း၏ လျှို့ဝှက်စာအရ သိရသည်။

“အဲဒီတော့ စကခ (၁) တစ်ခုတည်းရဲ့ အင်အားကို မှန်းလိုက်မယ်ဆိုရင် တစ်ရင်း တစ်ရင်းလုံးရဲ့ အင်အားသည် ၁၇၀ နဲ့ ၁၈၀ အကြားမှာရှိမယ်။ ပြီးတော့ ရှေ့တန်း ထွက်နိုင်တဲ့ အင်အားကလည်း ၇၀ နဲ့ ၈၀ အကြားမှာသာရှိမယ်လို့ ကျွန်တော်တို့က တပ်အပ်ပြောလို့ရတယ်။ နောက်ပြီး တစ်ဆက်တည်း ပြောရမယ်ဆိုရင် အခြား တိုက်ခိုက် ရေး ခြေလျင်/ခြေမြန်တပ်ရင်းတွေရော၊ တပ်မတပ်တွေရော၊ စကခ တပ်တွေ ရော ဒီအင်အားဝန်းကျင်မှာပဲ၊ ဒီအနေအထားကို ဖြစ်နေပြီလို့ သေချာပြောလို့ရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်း တစ်ရင်း၏ ဖွဲ့စည်းပုံ အင်အားသည် အရာရှိ ၃၁ ဦးနှင့် အခြားအဆင့် ၈၂၆ ဦး စုစုပေါင်း ၈၅၇ ဦး ရှိရမည်ဟု သတ်မှတ်ပြဌာန်းခဲ့သော်လည်း နောက်ပိုင်းတွင် တပ်တွင်းအခေါ်ဝေါ်အရ အကြံပြု ဖွဲ့စည်းပုံကို အင်အား ၂၀၀ ဦးဖြင့်သာ ပြန်လည်ဖွဲ့စည်းခဲ့သည်။

အဆိုပါ အင်အား ၂၀၀ ဦးတွင် ရှေ့တန်းထွက်နိုင်သည့် အင်အား ၁၂၀ ဦးရှိပြီး နောက်ချန် အင်အား ၈၀ ဦးတွင် တပ်တွင်းအင်အား အရာရှိ လေး ဦးနှင့် အခြားအဆင့် ၅၆ ဦး စုစုပေါင်း ၆၀ ဦးနှင့် တပ်ပြင် ပျက်ထွက် ၂၀ ဦးထားရှိကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံက သိရသည်။

ထို့အပြင် အမှတ်(၁၁၄) ခြေမြန်တပ်ရင်း (ခမရ-၁၁၄) တွင် နောက်ချန်အင်အားသည် တပ်တွင်းတာဝန် ၂၁ ဦးနှင့် တပ်ပြင်တာဝန် ၄၁ ဦး စုစုပေါင်း ၆၂ ဦးသာ ထားရှိ တော့ကြောင်း ယင်းလျှို့ဝှက် တင်ပြစာတွင် ဖော်ပြထားသည်။

“အခုဒီမှာကြည့်လိုက်တော့ တပ်ရင်းတစ်ရင်းလုံးမှာမှ ၁၃၂ ယောက်ပဲ ရှိတော့တယ်။ အရာရှိအနေနဲ့ကတော့ ဖွဲ့စည်းပုံ ပြည့်မီသေးတယ်လို့ ပြောလို့ရမယ်။ အခြားအဆင့် အင်အားက တော်တော်လေး ဖွဲ့စည်းပုံပျက်နေတဲ့ အနေအထားဖြစ်သွားပြီ။ နောက်တစ် ချက်က နောက်ချန်အင်အား ၂၁ ယောက်နဲ့က ဘယ်လိုမှ လုပ်လို့မရဘူး။ တပ်ပြင် ပျက်ကွက် ၄၁ မှာ တပ်တွင်းလုံခြုံရေးကို ရဲမေတွေ၊ အိမ်ထောင်သည် သားသမီးတွေနဲ့ လွှတ်ထားပြီးတော့ တပ်ပြင်မှာ ဘဏ်လုံခြုံရေး၊ ဘာလုံခြုံရေး အဲဒီလိုမျိုး လုပ်နေရတဲ့ သဘောဖြစ်သွားပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

စစ်ကောင်စီ၏ ရှမ်းပြည်နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ၊ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်- စကခ(၁) တွင် လက်အောက်ခံတပ်ရင်း ၁၀ ရင်းရှိပြီး ၎င်းတို့မှာ အမှတ်(၂၄၃) ခြေလျင်တပ်ရင်း (ခလရ-၂၄၃) ၊ အမှတ်(၁၇) ခြေမြန်တပ်ရင်း(ခမရ-၁၇) ၊ အမှတ်(၁၁၄) ခြေမြန်တပ်ရင်း (ခမရ-၁၁၄) ၊ အမှတ်(၁၁၅) ခြေမြန်တပ်ရင်း ( ခမရ-၁၁၅) ၊ အမှတ်(၅၀၁) ခြေမြန်တပ်ရင်း (ခမရ- ၅၀၁) ၊ အမှတ်(၅၀၂) ခြေမြန်တပ်ရင်း (ခမရ-၅၀၂) ၊ အမှတ်(၅၀၃) ခြေမြန်တပ်ရင်း (ခမရ -၅၀၃) ၊ အမှတ်(၅၀၄) ခြေမြန်တပ်ရင်း (ခမရ- ၅၀၄) ၊ အမှတ်(၅၀၅) ခြေမြန်တပ်ရင်း (ခမရ -၅၀၅) နှင့် အမှတ်(၅၀၆) ခြေမြန်တပ်ရင်း (ခမရ- ၅၀၆ ) တို့ ဖြစ်ကြောင်း သိရသည်။

ယင်းတပ်ရင်း ၁၀ ရင်းတွင် အင်အားနည်းနေသည့်တပ်ရင်းအား အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်- စကခ(၁) အတွင်း၌ပင် အရာရှိ၊ စစ်သည်အင်အားကို ပြောင်းရွှေ့ ချိန်ညှိခြင်းများ ပြုလုပ်နိုင်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်၏ ပြောကြားချက်အရ သိရသည်။

“တပ်ရဲ့ အင်အားဟာ ကျွန်တော်တို့ထင်ထားတာထက် ဆိုးရွားစွာ ပျက်စီးလာနေပြီလို့ သုံးသပ်ရပါ့မယ်။ ဖွဲ့စည်းပုံ မပြည့်တော့တာပေါ့။ လူ သုံး ယောက်လုပ်ရမယ့် အလုပ်ကို လူတစ်ယောက်လုပ်နေရပြီ။ တပ်ဖြန့်ခွဲမှုနဲ့ လှုပ်ရှားမှုတွေပါထိခိုက်လာပြီ။ အဲ့ဒါဟာ ဗျုဟာကျဆုံးတာပဲလို့ပြောရမယ်။ အင်အားပျက်စီးမှုနှင့်အတူ စစ်တပ်ရဲ့စွမ်းရည်ဟာ အကျဘက်က ပြန်မတက်လာတာလို့ ပြောရပါ့မယ်” ဟု CDM ဗိုလ်ကြီး လင်းထက် အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များတွင် သတ်မှတ်လူအင်အား ပြည့်မီခြင်း မရှိခြင်းသည် ၂ဝ၂၁ ခုနှစ် စစ်အာဏာ မသိမ်းခင်ကတည်းကဖြစ်ပြီး ဖွဲ့စည်းပုံပြည့်သည့် တပ်ရင်းများရှိသော်လည်း ယခုလောက်ထိ ဖွဲ့စည်းပုံပျက်နေသည့် တပ်ရင်းမျိုး မကြားခဲ့ဖူးကြောင်း CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အခုပေါက်ကြားလာတဲ့ လျှို့ဝှက်စာအရဆိုရင် ရှိရင်းအင်အားက ဖွဲ့စည်းပုံရဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ လောက်ပဲ ရှိတော့တယ်။ အင်မတန် အင်အားချိနဲ့လွန်းရှာပြီ။ စာအရ စစ်ထွက်အင်အား လူ ၇ဝ ဆိုတော့ တပ်ခွဲတစ်ခွဲစာလောက်ပဲ ရှိတော့တယ်။ နွေဦး တော်လှန်ရေးရဲ့ ပြင်းထန်တဲ့ ပြည်သူ့ခုခံစစ်ကြောင့် စစ်ကောင်စီဟာ ဒီလောက်ထိ မရှုမလှ ဖြစ်လာတယ်လို့ သုံးသပ်မိပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ စကခနှင့် ခြေလျင်/ခြေမြန်တပ်ရင်းများတွင် ရှေ့တန်းထွက် နိုင်သည့် အင်အား ၇၀ ခန့်သာရှိတော့၍ ထင်ထားသည်ထက် ဆိုးဝါး ပျက်စီးလာကြောင်း CDM ဗိုလ်ကြီးများ သုံးသပ်

ပုံစာ- ၇၈ နှစ်မြောက်တပ်မတော်နေ့တွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

#စစ်ကောင်စီလက်အောက်ခံစကခ #ခြေလျင်ခြေမြန်တပ်ရင်း #ရှေ့တန်းထွက်အင်အား #၇၀ခန့်သာရှိ #ဆိုးဝါးပျက်စီးလာ #CDMဗိုလ်ကြီးများသုံးသပ် #Ayeyarwaddy_Times