
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
စစ်ကောင်စီက နိုင်ငံခြားငွေတရားဝင်ဝယ်ယူရန်ပြောကြားထားပြီး နိုင်ငံခြားငွေလဲ ကောင်တာ Money Changer များကို ပိတ်သိမ်းမှုများရှိလာ၍ ဒေါ်လာအရောင်း အဝယ်အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်သည် နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ခွင့် လိုင်စင်ရရှိထားသော ကုမ္ပဏီ ၁၃ ခုကို အမိန့်နှင့်ညွှန်ကြားချက်များအား လိုက်နာမှု မရှိဟုဆိုကာ လိုင်စင်ရုတ်သိမ်းကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအထိ လိုင်စင်ရုတ်သိမ်းခဲ့သည့် Money changer ကုမ္ပဏီပေါင်း ၄၄ ရှိပြီဖြစ် ကြောင်းသိရသည်။
တရားဝင်နိုင်ငံခြားငွေလဲ ကောင်တာများတွင် နိုင်ငံခြားငွေလွတ်လပ်စွာ ဝယ်ယူခွင့် မရှိခြင်းကြောင့် ဒေါ်လာဝယ်ယူရာတွင်အခက်အခဲဖြစ်ကာ ပြင်ပဈေးကွက်ကို မှီခိုနေရ၍ မှောင်ခိုဈေးကွက်ကြီးမားလာခြင်းဖြစ်ကြောင်း ပို့ကုန်/ သွင်းကုန်လုပ်ငန်း လုပ်ဆောင်သူ တစ်ဦးက ဆိုသည်။
“ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဒေါ်လာဘယ်မှာလွယ်လွယ်ဝယ်လို့ရလို့လဲ။ သူတို့ထိန်းချုပ်ထားတာ။ အရင်ကဆို ဒေါ်လာဘယ်နားဝယ်ဝယ်တစ်ဈေးပဲ။ အခုတော့ ဈေးက ရောင်းတဲ့ဝယ်တဲ့ သူစိတ်ကြိုက်ပဲ။ သိပ်အများကြီးကွာတာလည်း မဟုတ်ပါဘူး။ အခုသူတို့တင်းကျပ်ထားတော့ အပြင်မှာပဲ အရောင်းအဝယ် လုပ်ကျတာပဲ ” ဟု ပို့ကုန်/ သွင်းကုန်လုပ်ငန်း လုပ်ဆောင်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာလဲလှယ်ခွင့်ပြုရာတွင် AD လိုင်စင်ရဘဏ်များနှင့် customer (ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်) များက Online trading အသုံးပြုနိုင်ပြီး ပြည်ပနိုင်ငံထွက်ခွာမည့်သူများကမူ ဘဏ်တွင် အသေးသုံး နိုင်ငံခြားငွေသားဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဘဏ်များနှင့် customer ကြား၊ customer အချင်းချင်းအကြား အရောင်း အဝယ်ပြုရာတွင် online trading စနစ်ဖြင့်အရောင်းအဝယ်လုပ်ရမည်ဖြစ်ပြီး ပို့ကုန် တင်ပို့သူ သွင်းကုန်တင်သွင်းသူများအတွက် လိုက်နာရမည့် အခြေခံသတ်မှတ်ချက် ပြဌာန်း ထားကြောင်း ဗဟိုဘဏ်က ဆိုထားသည်။
ယင်းအပြင် အသေးသုံးနိုင်ငံခြား ငွေအများဆုံးငွေသားဝယ်ယူရန်အတွက် ကိုယ်ရေး မှတ်တမ်းလိုအပ်ပြီး အလုပ်သမားများက အလုပ်ခန့်စာအထောက်အထားတစ်ခုခု တင်ပြရမည်ဖြစ်ပြီး ပညာသင်များက ကျောင်းနှင့်သက်ဆိုင်သော အထောက်အထား အပါအဝင် ဆေးကုသမည့်သူများက ဆေးကုသမှုအထောက်အထားပြရမည်ဖြစ်ကြောင်း ပြည်တွင်းဘဏ်များက ကြေညာချက်ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#Moneychangerများ #လိုင်စင်ပိတ်သိမ်း #စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ် #Ayeyarwaddy_Times