
ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဩဂုတ်လ ၁၅ ရက်
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီအကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရပြီး တိုက်ပိတ်နှိပ်စက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုသန်းတိုးအောင်နှင့်ဦးလှစိုး တို့ နှစ်ဦးမှာ ဩဂုတ်လ ၁၂ ရက်နေ့က သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ယမန်နေ့ဩဂုတ်လ ၁၄ ရက်နေ့က ဦးလှစိုးမှာ မိသားစုနှင့် စာ အဆက်အသွယ်ရခဲ့ကြောင်း သိရသည်။
အာဇာနည်နေ့အခမ်းအနား ကျင်းပမှုပြုလုပ်သည်ဟုဆိုကာ ရိုက်နှက်နှိပ်စက်ခြင်းခံထားရပြီး ထောင်တွင်းဆေးရုံတင်ထားရသည့် သန်လျင်မြို့နယ် NLD ပါတီလူငယ်အစည်းအရုံးမှူး ကိုသန်းတိုးအောင်နှင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားကိုလှစိုး မှာ သေဆုံးခဲ့ပြီး ထောင်တွင်း၌ သင်္ဂြိုဟ်ပြီးစီးသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ကိုလှစိုး၏မိသားစုဝင်များမှ ထောင်ဝင်စာပို့ခဲ့ရာ စာဖြင့် အဆက်အသွယ်ရခဲ့ခြင်းဖြစ်သည်။
“ကိုလှစိုးကို သူ့မိသားစုဝင်တွေကထောင်ဝင်စာသွားတွေ့ကြတယ်ပေါ့။ သူနဲ့ကမတွေ့ခဲ့ရဘူး။ စာနဲ့တော့အဆက်အသွယ်ရတယ်။ သူကရိုက်ခံထားရတော့စာက သူများရေးပေးတာ။ လက်မှတ်ကတော့သူလက်မှတ်ဆိုတာ အတည်ပြုလို့ရတယ်။ ထောင်တွင်း၊ ထောင်ပြင်စာတွေက များများစားစားရေးမရတော့ သာကြောင်း၊မာကြောင်းရေးထားတာပေါ့။ ဒါပေမယ့် ကိုလှစိုးကဘယ်လောက်ထိရိုက်ခံထားရလဲတော့မသိဘူး စာတောင်သူများရေးပေးရတာဆိုတော့။ ကိုလှစိုးရယ် သူ့မိသားစုဝင် နောက် နှစ်ဦးရယ်ပါထောင်ကျနေတော့ စာက သုံးစောင်ရခဲ့တယ် “ ဟု သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဇာနည်နေ့ အခမ်းအနားကို ဦးဆောင်ကျင်းပသည်ဟုစွပ်စွဲခံရပြီး ဦးနှောက်သွေးခဲကာ သတိလစ်မေ့မြောသည်အထိ ရိုက်နှက်နှိပ်စက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားကိုသန်းတိုးအောင်၏ အခြေအနေကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူများက ဆိုသည်။
“ကိုသန်းတိုးအောင်အခြေအနေကိုတော့ ထပ်မသိရသေးဘူး။ ကျဆုံးသွားပြီလို့လဲသတင်းတွေကြားနေရတယ်။ နောက်ဆုံးသိရတာက ဦးနှောက်ထဲသွေးခဲပြီး သတိမလည်ဘူးဆိုတာပဲ သိရတာ။ ကျဆုံးတာ၊ သင်္ဂြိုလ်တာတွေကလည်း ကိုသန်းတိုးအောင်ကိုပဲလုပ်ခဲ့တာလားဆိုတာကိုလည်း သေချာအောင်စုံစမ်းနေပါတယ် “ ဟု အဆိုပါအကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။
သာယာဝတီအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး နှင့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရိုက်နှက်နှိပ်စက်ခံရပြီး တိုက်ပိတ်ခံထားရကြောင်းကို သာယာဝတီထောင်မှပြန်လည်လွတ်မြောက်လာသည့် နိုင်ကျဉ်းများ၏ ပြောပြချက်အရ သိရခြင်း ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ယက်(NLDပါတီ လူငယ်အစည်းအရုံးဝင် ကိုသန်းတိုးအောင်ပုံ)။
#သာယာဝတီထောင် #နိုင်ငံရေးအကျဉ်းသား #ရိုက်နှက်နှိပ်စက် #တိုက်ပိတ် #Ayeyarwaddy_Times