နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ. ၁၅ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင် စစ်ကောင်စီဆေးရုံတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံနယ်ခြားစောင့် (BGF) များ ဆေးကုသမှုခံယူနေ၍ လုံခြုံရေး တင်ကျပ်ထားကြောင်း ဒေသခံများထံက သိရသည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ် ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့များသည် သြဂုတ်လပထမပတ်အတွင်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနေ၍ သင်္ဃန်းညီနောင် ဆေးရုံတွင် ဆေးကုသခံယူသူ များပြားနေပြီး သတင်းမပေါက်ကြားစေရန်အတွက် BGF တပ်သားများ ဆေးရုံတွင် စောင့်ကြည့်နေပြီး ဒေသခံများကို ဆေးရုံတက်ရောက်ခွင့် မပြုကြောင်း သိရသည်။

“မြဝတီ နဲ့ ကော့ကရိတ်မှာ သြဂုတ်လပထမအပတ်ကတည်းက တိုက်ပွဲဖြစ်နေတာ။ မြဝတီမြို့နယ်ထဲက လက်ခတ်တောင်စခန်းနားမှာဆိုရင် အစုလိုက်အပြုံလိုက် ထိခိုက် ဒဏ်ရာရသွားတာတွေရှိတယ်။ ကားသုံးလေးစီးနဲ့ ထုတ်ရတဲ့အထိရှိတယ်။ ခြေပြတ် လက်ပြတ်တွေများနေပြီး ထိခိုက်ဒဏ်ရာရသူအများစုကို သင်္ဃန်းညီနောင် ဆေးရုံကို ပို့ဆောင်နေတာ။ အပြင်ကိုသတင်းမပေါက်ကြားဖို့ရယ် ၊ ဆေးရုံမဆန့်တော့တာရယ် ကြောင့် အရပ်သား ဒေသခံတွေကို ဆေးရုံတတ်ရောက်ခွင့်ပိတ်ထားတယ်” ဟု ဆေးရုံနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်၍ ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံအချို့မှာ သင်္ဃန်းညီနောင် စစ်ကောင်စီဆေးရုံတွင် ဆေးကုသခွင့်မရရှိဘဲ မြဝတီမြို့ပေါ်ရှိ ဆေးရုံသို့ တက်ရောက်၍ ဆေးကုသနေရသူများရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်မှုများလုပ်ဆောင်နေ၍ စစ်ကောင်စီတပ်မှ စခန်းစွ့န့်ခွာ ထွက်ပြေးမှုများ ရှိလာသည့်အပြင် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်း သည့် စစ်ကောင်စီတပ်သားများရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ဓာတ်ပုံ – သင်္ဃန်းညီနောင်စစ်ကောင်စီတပ်ဆေးရုံတွင် ဆေးကုသနေသည့် စစ်ကောင်စီတပ်သားများ (ပုံအဟောင်းကိုအသုံးပြုထားခြင်းဖြစ်ပါသည်)

#သင်္ဃန်းညီနောင်တပ်ဆေးရုံ #စစ်ကောင်စီတပ်BGF #ဆေးကုသ #ဒေသခံများ #ဒေသခံများဆေးကုသမှုပိတ်ပင် #Ayeyarwaddy_Times