ဧရာဝတီတိုင်းမ်

သြဂုတ်လ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာကို ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

အင်အား ၁၅၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်း နှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး နှစ်ဖက်အထိအခိုက်အကျဆုံးမှုကို မသိရသေးဘဲ သာစည်ကျေးရွာ ဒေသခံ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

“ရွာထဲကို စစ်ကြောင်းမထိုးခင် လက်နက်ကြီးနဲ့ထုတယ်။ လေယာဥ်နဲ့လည်း လာပစ်သွားတယ်။အဲ့ဒါနဲ့ ရွာသားတွေလည်း လွတ်ရာကျွတ်ရာထွက်ပြေးရတာပေါ့။ တစ်ချို့က တောထဲတောင်ထဲပြေးရတယ်။ တစ်ချို့ကတော့ ကလေးမြို့ပေါ်ကိုထွက်ပြေးကြတယ်။ မပြေးနိုင်တဲ့တစ်ချို့ကိုတော့ ချန်ထားခဲ့ရတယ်” ဟု စစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ သြဂုတ် ၁၅ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်မှ ၇ နာရီကျော်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်နေ့မှစ၍ စစ်ကောင်စီတပ်သည် ကလေးတောင်ပိုင်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လာခဲ့ကာ ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ရေးတင်းမာနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပုံစာ – ကလေးတောင်ပိုင်း၊ သာစည်ကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်၊ ကလေးမြို့ စစ်ဘေးရှောင်သူများ (ပုံဟောင်း)

#ကလေးမြို့တောင်ပိုင်း #သာစည်ရွာ #စစ်ကောင်စီလေကြောင်း #ဗုံးကြဲတိုက်ခိုက် #ဒေသခံများ_ထွက်ပြေးတိမ်းရှောင်

#Ayeyarwaddy_Times