ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ကမ်းခြေဒေသတွင်နေထိုင်သည့် ဒေသခံများအနေဖြင့် စစ်ကောင်စီထံလစဥ် ငွေကြေးပေးဆောင်နေရကြောင်း သတင်းရရှိသည်။

ငွေဆောင်၊ ချောင်းသာ ကမ်းခြေရွာများနှင့် ငရုတ်ကောင်းမြို့အတွင်းက ကမ်းခြေ ကျေးရွာတစ်ချို့မှ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီမှ သြဂုတ်လမှစတင်ပြီး လစဥ်ငွေကြေးရှာဖွေပေးဖို့ညွန်ကြားထားကြောင်းသိရှိရသည်။

“အဓိကကတော့ အုပ်ချုပ်ရေးမှူးတွေကပေးဖို့ တောင်းတယ်ဆိုတာသူတို့ကလည်း ရွာမှာရှိတဲ့ လုပ်ငန်းသမားတွေဆီကအလှူခံပြီး ရှာမှာပဲ။ ခုကခေါင်းစဥ်တပ်လို့ ပိုကောင်းသွားတာပေါ့” ဟု ပုသိမ်မြို့နယ်ကျေးရွာဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ကျေးရွာများမှ အနီးရှိစစ်ကောင်စီတပ်များအတွက် ထောက်ပံငွေ တစ်လ ခြောက်သောင်း ကို ကျေးရွာအုပ်ချုပ်ရေးမှူးများကတာ၀န်ယူ ကာလစဥ်
ပေးဆောင်ရမှာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူများထံမှ သိရှိရသည်။

လက်ရှိတွင် ကမ်းခြေ ဒေသများရှိ သစ်၊ မီးသွေး၊ အရက် ဆိုင်လုပ်ငန်းလုပ်ကိုင်နေသူများအပြင် ရေလုပ်ငန်းလုပ်ကိုင်နေသူဒေသခံများကိုလည်း
အဆိုပါလစဥ်ကြေးအတွက် တောင်းခံနေကြောင်း ဒေသခံများထံမှသိရှိရသည်။

#ပုသိမ် #စစ်ကောင်စီတပ် #ဒေသခံ #လစဥ်ကြေး #Ayeyarwaddy_Times