နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ်လ ၁၅ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များသိမ်းယူထားသည့် လက်ခတ် တောင်တာဝါတိုင်စခန်းကုန်း ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF) ပူးပေါင်းအဖွဲ့များသည် စစ်ကြောင်းသုံး ကြောင်းထိုး၍ လက်နက်ကြီးပစ်ကူ လေယာဥ်ပစ်ကူများယူကာ စခန်းကုန်းကို ချင်းကပ်လာ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့သည် ယမန်နေ့ သြဂုတ်လ ၁၄ ရက်နေ့က ရွှေကုက္ကိုလ်တွင် အင်အားစု၍ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၂ နာရီကျော်တွင် စစ်ကြောင်းများခွဲပြီး လက်ခက်တောင်ကြောကို တက်ရောက်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သိရသည်။

“ မနက် ၄ နာရီ (ဩဂုတ်လ၁၅ရက်) လောက်ကစပြီး စွယ်တော်ကုန်း ၊ ကျောက်လုံး ကြီးစခန်းကုန်း ၊ ကံ့ကော် တစ်ထောင်ကုန်း(ခွေးကုန်း) နဲ့ မြဝတီမြို့ပေါ်မှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ-၂၇၅ တပ်ထဲကနေပါ ၁၂၀-မမတွေ ဟာဝေဇာတွေနဲ့ စတင် ပစ်ခတ်တယ်။ မနက် ၁၀ နာရီလောက်မှာတော့ လေယာဥ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက် တာတွေကိုလုပ်ဆောင်နေတယ်” ဟု မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့များသည် စစ်ကြောင်းထိုး ချဉ်းကပ်နေသော်လည်း လက်ရှိအချိန်ထိ လက်ခတ်တောင်ကြောနားသို့ ကပ်ခွင့်မရသေးကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

“သူတို့(စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့) တတ်လာတာလည်းမြင်ရတယ်။ လေယာဥ်နဲ့ လာပစ် တာလည်းမြင်ရတယ်။ သူတို့က လက်ခက်တောင်ကြော ကိုအဓိကပစ်မှတ်ထား ပြီးတတ်နေတာလေ။ တောင်ခြေပဲရောက်အောင်လာခဲ့ပါ။ လက်နက်ကြီးထုတာကတော့ ရိုးနေပြီ လေယာဥ်သံလေးပါလာတော့ ပိုပြီးမြိုင်တာပေါ့။ အမှတ်မရှိဘဲ တက်ခဲ့ရင်တော့ လာခဲ့ပေါ့။ သူတို့အတွက် ကရင်ပြည်နယ်မှာရှိတဲ့ ဆေးရုံတွေ မဆန့်အောင် ဖြစ်စေရမယ်” ဟု ပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

KNU/KNLA ၊ PDF တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအပါအဝင် လက်ခတ်တောင် ကြောတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့၍ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း အဖွဲ့များသည် စခန်းကုန်းအားရယူရန် ပြန်လည်ထိုးစစ်ဆင်လျက်ရှိသည်။

စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း အဖွဲ့များသည် ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်ကြောင်း သုံးကြောင်းနှင့်အတူ လက်နက်ကြီးပစ်ကူ၊ လေယာဥ်ပစ်ကူများ ယူ၍ စခန်းကုန်းအနီးသို့ ချင်းကပ်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များ ထံက သိရသည်။

ပုံစာ-ကရင်ပြည်နယ်မြဝတီမြိုနယ်ရှိ တိုက်ပွဲများပြင်းထန်နေသည့်နေရာအချို့

#လက်ခက်တောင်စခန်းကုန်း #စစ်ကောင်စီတပ်BGFပူးပေါင်းအဖွဲ့ #ထိုးစစ်ဆင် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times