ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၅ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် သြဂုတ်လ ပထမအပတ်အတွင်း အုပ်စုလိုက်ဆိုင်ကယ် ခိုးယူမှု (၂၀)မှုထက်မနည်းဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

ခိုးယူမှု ကျုးလွန်သူများမှာလွတ်ငြိမ်းခွင့်ဖြင့်ပြန်လည်လွတ်မြောက်သူများဖြစ်ကြောင်း ရဲသတင်းအရင်းအမြစ်နှင့် ဒေသခံများထံကသိရသည်။

” ပထမအပတ်ထဲမှာ နေအိမ်ထဲကိုအုပ်စုလိုက် ဆိုင်ကယ်ခိုးခံရတဲ့​အမှုတွေလာတိုင်တာမနည်းဘူး။ တစ်ပတ်ကျော်ကို အမှု၂၀ လောက်ကိုဖြစ်နေတယ်။ လုံခြုံရေးကင်းလှည့်နေတဲ့အလစ်မှာကို ရပ်ကွက်ထဲကိုဝင်ခိုးနေကြတာ။ အခုရပ်ကွက်ကရာအိမ်မှူးတွေကိုစောင့်ကြည့်ခိုင်းထားတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အုပ်စုလိုက်ဆိုင်ကယ်ခိုးယူသူများမှာ ပြီးခဲ့သည့်သြဂုတ်လ ၁ ရက်နေ့၌ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်ပေးခံရသူများဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သူများမှ ဖမ်းဆီးကာရဲစခန်းသို့အပ်နှံခဲ့သော်လည်း ရဲထံ ငွေကြေးပေးကာပြန်လည်လွတ်ပေးနေကြောင်း မြို့ခံများထံကသိရသည်။

” အခုဆိုင်ကယ်သူခိုးတွေကလွတ်ငြိမ်းနဲ့ပြန်လွတ်လာတဲ့သူတွေချည်းပဲဖြစ်နေတယ်။ ရပ်ကွက်က​ဝိုင်းဖမ်းပေးပြီးရဲစခန်းကိုသွားအပ်ရင်လည်းပိုက်ဆံပေးပြီးပြန်လွတ်လာကြတာ။ အကြောင်း မထူးဘူး။ အဲတော့တအိမ်နဲ့တအိမ်အချင်းချင်းသတိပေးပြီးသူခိုးရန်စောင့်နေကြရတယ်” ဟု အမှတ်( ၁)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကဆိုသည်။

လေးမျက်နှာမြို့တွင်း၌ စစ်ကောင်စီတပ်၊ရဲ၊မီးသတ်၊ပျူစောထီးအဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှညစဥ်ကင်းလှည့်လည်ဆောင်ရွက်နေသော်လည်း ပြီးခဲ့သည့်ဇူလိုင်လအတွင်း အုပ်စုဖွဲ့ဆိုင်ကယ်ခိုးယူမှု(၈၀)မှုထက်မနည်းဖြစ်ပွားခဲ့ကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်ထံကသိရသည်။

ဓာတ်ပုံ- CJ

#လေးမျက်နှာမြို့ #စစ်ကောင်စီတပ် #ခိုးမှု #ဆိုင်ကယ် #Ayeyarwaddy_Times