
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် စည်ပင်ထံငွေကြေးပေးကာ တပိုင်တနိုင် ရောင်းချနေသည့် စက်သုံးဆီဆိုင်များကိ သြဂုတ် လ ၁၂ ရက်မှစပြီး အချိန်အကန့်အသတ်မရှိရောင်းဝယ်ခွင့်ပိတ်ပင်ခံထားရကြောင်းမြို့ခံများထံမှ သိရသည်။
အိမ်မဲမြို့ပေါ်ရှိ တပိုင်တနိုင်စက်သုံးဆီအရောင်းဆိုင် (၃၀) ထက်မနည်းကို မြို့နယ်စည်ပင်အဖွဲ့၊ ထွေအုပ်နှင့် မီးသတ်အဖွဲ့မှ သြဂုတ်လ ၁၂ ရက်ကစပြီးရက်အကန့်အသတ်မရှိ ရောင်းဝယ်ခွင့်ပိတ်ပင်ထားခဲ့ကြောင်း စက်သုံးဆီရောင်းချခွင့်ရပ်နားခံခဲ့ရသည့် မြို့ခံဆီရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
” စက်သုံးဆီရောင်းခွင့်အပိတ်ခံရတယ်။ ဘာအကြောင်းနဲ့လည်းဆိုတာတော့ မပြောပြသွားဘူး။ ကျွန်မဆီဆိုင်အပါအဝင်ဆိုင် ၃၀ လောက်ရှိမယ်။ စည်ပင်ရယ် ထွေအုပ်ရယ် မီးသတ်အဖွဲ့တွေလာပြီးအရောင်းပိတ်ဖို့လာပြောသွားတာ” ဟု သူမကပြောသည်။
ယင်းသို့အရောင်းဝယ်ခွင့် ပိတ်ပင်ခံရသည့် စက်သုံးဆီဆိုင်များမှာ ထွေအုပ်၊ ရဲနှင့် စည်ပင်အဖွဲ့ထံ လိုင်စင်ကြေး ငွေသိန်းချီပေးဆောင်ထားသည့်ဆိုင်များဖြစ်ကြောင်း ပိတ်သိမ်းခံထားရသည့် မြို့ခံဆီဆိုင်ရှင်များထံက သိရသည်။
” အခုစက်သုံးဆီအရောင်းခွင့် အပိတ်ခံရတဲ့ဆိုင်တွေဆိုတာ စည်ပင်၊ရဲ၊ထွေအုပ်ကို ရောင်းချခွင့်အတွက်ငွေသိန်းချီပေးထားတဲ့ဆိုင်တွေပါ။ အခုလိုကြီးအပိတ်ခံရတော့ စားဝတ်နေရေးအတွက်အခက်အခဲဖြစ်ရတယ်။ ရောင်းခွင့်ပြန်ပေးစေချင်ပါတယ်” ဟု မြို့ခံဆီဆိုင်ရှင်နောက်တစ်ဦးကဆိုသည်။
အိမ်မဲမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီထံ ငွေကြေးပေးအပ်ကာဖွင့်လှစ်နေသည့် တပိုင်တနိုင်စက်သုံးဆီဆိုင်များကို အကြောင်းပြချက်မရှိအရောင်းပိတ်ကာ ငွေကြေးသိန်းချီပေးအပ်မှသာပြန်လည်ရောင်းချခွင့်ပြုခဲ့သည်။
ဓာတ်ပုံ- လူမှုစာမျက်နှာ
#အိမ်မဲမြို့ #စစ်ကောင်စီတပ် #ဆီဆိုင်များ #ပိတ်သိမ်းခိုင်းထား #Ayeyarwaddy_Times