ဧရာ၀တီတိုင်းမ်

ဩဂုတ် ၁၅ ရက်

ကရင်နီပြည်နယ်၊ ဒီ‌မော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်ကြားရှိ ငွေတောင်ရွာသစ်တွင် ကရင်နီ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများကာ အထိနာလျက်ရှိကြောင်း သိရသည်။

အဆိုပါ ငွေတောင်ရွာသစ်အနီးတွင်ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့က စတင်၍ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေယာဉ်နှင့်ဗုံးကြဲ တိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တိုက်ပွဲက လအစမှာထဲက ပြင်းထန်နေတာလို့ပြော ရမယ်။ စစ်ကောင်စီဘက်က အဓိကကျတဲ့ မိန်းလမ်းမ ကြီးတွေကို ပြန်ယူနိုင်ဖို့ အသည်းအသန်ထိုးစစ်ဆင် ပြီး အင်အားတွေ တိုးပို့နေတာပေါ့။ ပို့သလောက်လည်း ကျနေတာများတယ်။ ကျွန်တော်တို့ ပူးပေါင်း တပ်ဘက်ကလည်း အထိအခိုက်တွေရှိတယ်” ဟု မြေပြင်တွင်ရှိနေသည့် ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ခြေမြန်တပ်မဌာနချုပ် (ကလော) တပ်မ(၅၅) လက်အောက်ခံ ခြေလျင်တပ်ရင်း-၃ (ကလော)တပ်မှ အရာရှိအပါအ၀င် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၆ ဦးတို့သည် ဩဂုတ်လ ၁၀ ရက်နေ့က ယင်းတိုက်ပွဲတွင် သေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရပြီး ထိုအထဲတွင် စစ်‌မှုထမ်းကောင်း ဘွဲ့တံဆိပ်ရရှိထားသူ များလည်း ပါ၀င်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ဒီမော့ဆိုနှင့် ဖရူဆိုမြို့တို့ကို အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စေလွှတ် တိုက်ခိုက်လျက်ရှိကြောင်းလည်း သိရသည်။

အလားတူ ဩဂုတ် ၁၃ ရက်နေ့ကလည်း ကရင်နီတပ်မတော်-KA မှ စစ်ကောင်စီတပ်၏ ရိက္ခာသိုလှောင်သည့် ဂိုထောင်တစ်ခုကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရ မိခဲ့သည်။

ဓာတ်ပုံ-ပေးပို့

ပုံစာ-ဩဂုတ်လကရင်နီပြည်နယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှသိမ်းဆည်းရမိ သည်များ

#ကရင်နီ #ငွေတောင်ရွာသစ် #ကရင်နီပူးပေါင်းအဖွဲ့ #စစ်ကောင်စီတပ် #ခလရ၃ကလောတပ် #အရာရှိ# ၂၆ဦးသေဆုံး #Ayeyarwaddy_Times