
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်(မြောက်ဘက်)၊ အင်ကြင်းဥယျာဉ်အနီးရှိ နေအိမ် တစ်အိမ်တွင် ဓားဖြင့်ထိုးသတ် ခုတ်ခံထားရပြီး သေဆုံးနေသည့် မိသားစု၀င် ငါးဦး ၏ အလောင်းများကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သားဖွားဆရာမ မဖြိုးသီရိလှိုင်နှင့် ခင်ပွန်း ဖြစ်သူအပါအ၀င် မိသားစု၀င် ငါးဦးမှာ ဓားဖြင့်ထိုးသတ်ခံရပြီး နေအိမ်အတွင်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကန့်ဘလူမြို့ပေါ်ဆိုတာက စစ်တပ်နဲ့ပျူတွေတပ်စွဲ ထားတဲ့နေရာဗျ။ အခုလို မိသားစု လိုက်ကို ၀င်သတ်ဖို့ဆိုတာမလွယ်ဘူး။ ခုက ရှိသမျှလူအကုန်ကို အေးဆေး သတ်သွား ပုံရတယ်။ ပျူတွေလို့ပဲထင်တယ်။ သားဖွား ဆရာမက Non CDM ပါ။ အသတ်ခံရတဲ့ လူတွေက သူ့ယောက်ျားရဲ့ မိဘတွေနဲ့ မိသားစုပါ။ သူတို့က ဒီမြို့ပေါ်မှာ လာရှောင်ပြီး အသိအိမ်မှာနေကြတာ”ဟု ကန့်ဘလူမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
သေဆုံးသူများမှာ သားဖွားဆရာမ မဖြိုးသီရိလှိုင်နှင့် ခင်ပွန်းဖြစ်သူ ကိုစိုးမြင့်လွင်၊ မိဘများဖြစ်သည့် ဦးမြင့်ဆွေနှင့် ဒေါ်ကြည်ဌေးတို့အပြင် နေအိမ်ပိုင်ရှင်၏ သမီးဖြစ်သူ မမေလေး စုစုပေါင်း ငါးဦးကို သတ်ဖြတ်သွားခြင်းဖြစ်ပြီး သားဖွားဆရာမ မဖြိုးသီရိ လှိုင်၏ နှစ်နှစ်ခွဲအရွယ် သမီးတစ်ဦးသာ ကျန်ရှိကြောင်း သိရသည်။
အဆိုပါ မိသားစု၀င်များကို သတ်ဖြတ်သွားသူများမှာ မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်းကိုမူ ဧရာ၀တီတိုင်းမ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ကန့်ဘလူမြို့နယ်သည် ပျူစောထီးများ စိုးမိုးနယ်မြေဖြစ်ပြီး လတ်တလောတွင် စစ်ကောင်စီတပ်နှင့် ဘုန်းကြီး ဦးဝါသ၀ဆိုသူ ဦးဆောင်၍ ပြည်သူ့စစ်များကို ဖိအားပေး စုဆောင်းကာ အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#စစ်ကိုင်း #ကန့်ဘလူ #သားဖွားဆရာမမိသားစု၅ဦး #သတ်ဖြတ်ခံရ #Ayeyarwaddy_Times