
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄ ရက်
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်ရှိ ဝက်ထိုးကျေးရွာတွင် လျှပ်စစ်မီးပေးမည်ဟု အကြောင်းပြကာ ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့မှ တစ်အိမ်ထောင်လျှင် ငွေကျပ်သိန်း ၂၀ လိုက်လံ ကောက်ခံနေကြောင်း ဒေသခံများထံကသိရသည်။
ကန်ကြီးထောင့်မြို့ ဝက်ထိုးကျေးရွာရှိ ရပ်ကျေးမီးလင်းရေးကော်မတီအဖွဲ့က ယမန်နေ့ကစပြီး မီးတိုင်ခ၊လျှပ်စစ်မီး မီတာပုံးခနှင့် မီးကြိုးဆွဲခ စသည်တို့ကို အကြောင်းပြကာ အိမ်ထောင်စုလျှင် ငွေကျပ်သိန်း ၂၀ ဝန်းကျင်လိုက်လံကောက်ခံနေကြောင်း ဝက်တိုးကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
” လျှပ်စစ်မီးဆွဲခဆိုပြီးတော့ ငွေလိုက်ကောက်နေတာ။ မီးယူမယ့်သူတွေကိုစာရင်းကောက်ပြီး လိုက်တောင်းတာပေါ့။ ရပ်ကျေးမီးကော်မတီပြောတာကတော့ မီးလိုင်းဆွဲခ ငါးသိန်းပဲ ကုန်မယ်။ အရစ်ကျပေးရင်ရတယ်အစကပြောတယ်။အခုကျတော့အဲ့လိုမဟုတ်ဘူး တစ်အိမ်ကို သိန်းနှစ်ဆယ် ကုန်မှပဲ မီးဆွဲလို့ရမယ်။အကြွေးတောင်းသလိုလုပ်နေတော့ ဒုက္ခရောက်နေပြီ ။အဲ့လောက်ငွေကျတော့ ဘယ်လိုမှမပေးနိုင်ဘူးလေ။အခုတမျိုးတော်ကြာတမျိုးပြောခံနေရတာတော့အဆင်မပြေဘူးဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတိတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ အခက်အခဲများကြုံနေသည့် ကျေးရွာသားများအနေဖြင့် မီးမယူနိုင်တော့ကြောင်း ပြောရာတွင် မီးလင်းရေး ကော်မတီထံ ငွေကျပ်တစ်သိန်းခွဲပေးအပ်မှသာ စာရင်းပယ်ဖျက်ပေးမည်ဟု ငွေညစ်တောင်းခံမှုများ ရှိနေကြောင်းလည်း ကျေးရွာဒေသခံများက ပြောသည်။
“ အခုရပ်ကျေးမီးကော်မတီ ကောက်နေတဲ့နှုန်းထားက အပြင်မှာမီးလိုက်ရိုက်နေတဲ့ အဖွဲ့ထက်စျေးကြီးနေတယ်။ ပစ္စည်းတွေက အကုန်တရုတ်ထုတ်တွေချည်းပဲ။ အရည်အသွေးက တော်တော်လေးကို ညံ့တယ်။ အဲတာကို သိန်းနှစ်ဆယ်ပေးရမယ်ဆိုတော့ မဖြစ်နိုင်ဘူး။ မီးမဆွဲတော့ဘူးဆိုတော့ ဒီအတိုင်းစာရင်းဖျက်ပေးလို့မရဘူး။ ကော်မတီကိုစာရင်းဖျက်ခ တစ်သိန်းခွဲပေးမှဖျက်ပေးမယ်ဆိုပြီးငွေညစ်ခံနေရတယ်” ဟုဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်များအလိုက် စစ်ကောင်စီလက်အောက်ခံလျှပ်စစ်ဌာနဝန်ထမ်းများမှ မီတာခမပေးဆောင်သည့် ဒေသခံများအပေါ် ငွေကျပ်တစ်သိန်းကျော်ထက်မနည်း သည့် ဒဏ်ငွေရိုက်ကာ မီတာပုံးသိမ်းယူမှုများ ပြုလုပ်နေသလို အခြားတစ်ဖက်တွင်လည်း ရပ်ကျေးမီးကော်မတီလုပ်ဆောင်သူများမှ လျှပ်စစ်မီးသွယ်တန်းခအဖြစ်ငွေကျပ်သိန်းချီအတင်းအကျပ်ကောက်ခံမှုများရှိနေသည်။
#ကန်ကြီးထောင့် #ဝက်ထိုးရွာ #လျှပ်စစ်မီးပေးမည်ဆိုကာတ #အိမ်လျှင်ကျပ်သိန်း၂၀ဝန်းကျင် #ရပ်ကျေးမီးကော်မတီအဖွဲ့မှကောက်ခံနေ #Ayeyarwaddy_Times