
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၄ ရက်
တယ်လီနောကို ဝယ်ထားသည့် စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူ ခရိုနီဦသိန်းဝင်းဇော် ပိုင်ဆိုင်သော ရွှေဗျိုင်းဖြူ လုပ်ငန်းစုထဲမှ လုပ်ငန်းစုတစ်ခုဖြစ်သည့် Shwe Byain Phyu Oil & Gas ကုမ္ပဏီလိမိတက်ကို လူမွဲစာရင်း ကြေညာ၍ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
လူမွဲစာရင်း ကြေညာ၍ ဖျက်သိမ်းခဲ့သည့် Shwe Byain Phyu Oil & Gas ကုမ္ပဏီလိမိတက်သည် အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်စာရင်း ရှင်းလင်း ဖျက်သိမ်းခြင်း ဖြစ်ကြောင်း ကြေညာချက်တွင်ပါဝင်သည်။
ကုမ္ပဏီများစုသည် ကြွေးမြီမဆပ်နိုင်သဖြင့် လူမွဲစာရင်းခံယူလေ့ရှိပြီး ရွှေဗျိုင်းဖြူ ကဲ့သို့ဝင်ငွေခွန်အများဆုံး ဆောင်ထားသည့်ကုမ္ပဏီက လူမွဲစာရင်းခံယူသည်မှာ ထူးခြား သည်ဟု စီပွားရေးလုပ်ငန်းရှင်းများနှင့် နီးစပ်သူများကဆိုသည်။
“ရွှေဗျိုင်းဖြူက စက်သုံးဆီကို စက်ကာပူကနေ တိုက်ရိုက်တင်သွင်းတာလို့ ကြော်ငြာ လေ့ရှိတယ်။ အဲဒီတော့ ဟိုးရက်က UOB ဘဏ်က မြန်မာအကောင့်တွေပိတ်မယ်။ ငွေလွဲတွေလက်မခံတော့ဘူးလို့ ကြေညာထားတွေကြောင့် ဖြစ်မယ်။ ပြောရမယ်ဆို ဆီဝယ်ဖို့မလွယ်တော့တာမျိုးဖြစ်မယ်ထင်တယ်” ရန်ကုန်မြို့ရှိ ဟု စီးပွားရေး လုပ်ငန်းများလေ့လာနေသူတစ်ဦးက သုံးသပ် ပြောကြားသည်။
ရွှေဗျိုင်းဖြူသည် ၎င်း၏နာမည်ဖြင့် တိုင်းနှင့်ပြည်နယ်တချို့တွင် စက်သုံးဆီဆိုင်ပေါင်း ၃၀ ကျော်ဖွင့်လှစ်ထားသည်။
အဆိုပါရွှေဗျိုင်းဖြူလုပ်ငန်းစုတွင် ဦးသိန်းဝင်းဇော်က ဥက္ကဌဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်းက ဒါရိုက်တာဖြစ်ကာ သားကိုဝင်းပိုင်ကျော်နှင့် သမီးမသိမ့်ဝင်းထက် နာမည်များဖြင့် ကုမ္ပဏီခွဲများတည်ထောင် ထားသည်။
ဦးသိန်းဝင်းဇော် မိသားစုဝင်များ တည်ထောင်ထားသည့် ကုမ္ပဏီခွဲများသည့် လောင်စာဆီ လုပ်ငန်း၊ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ရေထွက်ထုတ်ကုန် လုပ်ငန်းများအပါအဝင် သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကျောက်စိမ်းတူဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်နေခြင်း ဖြစ်သည်။
လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုမ်မ ၁၆၁ (က) တွင် ကုမ္ပဏီ၏အထူးဆုံးဖြတ်ချက်၊ ကုမ္ပဏီ ဖွဲ့စည်းပြီးလုပ်ငန်း မစတင်နိုင်ခြင်း၊ ကြွေးမြီးမပေးဆပ်နိုင်ခြင်း၊ တရားရုံးကဖျက်သိမ်း နိုင်ခြင်းတို့ဖြင့် လူမွဲခံယူခြင်း (ဒေဝါလီခံ) နိုင်ကြောင်းသိရသည်။
ဦးသိန်းဝင်းဇော်သည် တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 အုပ်စုနှင့်ပူးပေါင်းဝယ်ယူထားပြီး ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်အများစု ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ တယ်လီနောကို ATOM အဖြစ် အမည်ပြောင်းလဲခဲ့သည်။
ပုံစာ-ရွှေဗျိုင်ဖြူစက်သုံးဆီဆိုင်
#ရွှေဗျိုင်းဖြူလုပ်ငန်းစု #ခရိုနီဦးသိန်းဝင်းဇော် #ShweByainPhyuOil&Gas #စက်သုံးဆီလုပ်ငန်း #ဒေဝါလီခံ #Ayeyarwaddy_Times