
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၄ ရက်
အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်း၏တွဲဖက်ပြည်သူ့စစ်များသည် စစ်ရာဇ၀တ်မှုများကို ပုံစံသုံးမျိုးဖြင့် ကြိမ်ရေတိုးမြှင့်ကာ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ -IIMM ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားပြီး ကျူးလွန်သည့် စစ်ကောင်စီကို အမြန်ဆုံး အရေး ယူနိုင်ရန် အထူးအရေးကြီးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုထားသည်။
အဆိုပါ စစ်ရာဇ၀တ်မှုများထဲတွင် ပြီးခဲ့သည့် ဧပြီလက လူပေါင်း ၁၅၅ ဦးထက်မနည်း သေဆုံးခဲ့သော စစ်ကိုင်း၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သား များကို မရှောင်ရှား၊ မခွဲခြားဘဲ (သို့မဟုတ်) အင်အားအလွန်အကျွံသုံးသည့် တိုက်ခိုက်မှု များလည်း ပါဝင်ကြောင်း သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်သည့် IIMM ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားပြီး ခိုင်လုံသော အထောက်အထားများလည်း ရှိကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် အရပ်သားများနှင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများလည်း ပိုတိုးလာခဲ့သလို အရပ်သားနေအိမ်များ နှင့် အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းကြောင့် အချို့နေရာများတွင် ရွာလုံးကျွတ် ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း IIMMက ဆိုထားသည်။
စစ်ကောင်စီသည် (၁) အရပ်သားများကို မရှောင်ရှား၊ မခွဲခြားဘဲ (သို့မဟုတ်) အင်အား အလွန်အကျွံသုံး၍ ဗုံးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ (၂)စစ်ပွဲအတွင်း ဖမ်းဆီးရ မိသည့် အရပ်သားများ (သို့မဟုတ်) တိုက်ခိုက်သူများအား သတ်ဖြတ်ခြင်းနှင့် (၃) အရပ်သားနေအိမ်နှင့် အရပ်ဘက် အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ အကြီး အကျယ် မီးရှို့ဖျက်ဆီးခြင်းဆိုသည့် စစ်ရာဇဝတ်မှုမြောက်သည့် တိုက်ခိုက်မှု ပုံစံသုံးမျိုးကို ကျူးလွန်နေကြောင်း IIMM ၏ နှစ်ပတ်လည် အစီရင်ခံစာအရ သိရသည်။
“ဒီအစီရင်ခံစာဟာ အကြမ်းဖက် စစ်အုပ်စုအနေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ ကြောင်း ထပ်မံဖော်ထုတ်မှု ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒီကိစ္စတွေကို စုဆောင်းထား ရုံသာ မကဘဲနဲ့ ကျူးလွန်တဲ့ အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး အရေးယူနိုင်ဖို့ရယ်၊ ကျူးလွန်ခံရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ရယ် အထူးအရေး ကြီးနေပါတယ်” ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရာတွင် IIMM အနေဖြင့် လူ ၂၀၀ ကျော်၏ မျက်မြင်သက်သေ ထွက်ဆိုချက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုလ်တုပုံရိပ်များ၊ လူမှုကွန်ရက်သတင်းများနှင့် မှုခင်းဆိုင်ရာ အထောက်အထားများ အပါအဝင် အရင်းမြစ်ပေါင်း ၇၀၀ ကျော်ထံမှ အချက်အလက်များကို စုဆောင်းထား ကြောင်း သိရသည်။
စစ်ကောင်စီ ကျူးလွန်ခဲ့သည့် မှတ်တမ်းပေါင်း ၂၀၀ ကျော်အနက် ၁၅၃ ခုကို တရားစွဲဆိုနိုင်ရန် ခိုင်လုံသည့်အမှုများအဖြစ် စုဆောင်းနိုင်ခဲ့ပြီး အမှုပေါင်း ၂၇ ခုကိုမူ နိုင်ငံတကာရာဇဝတ်မှု လမ်းကြောင်းများအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးမှုတိုင်းက ဝမ်းနည်းစရာပါ။ ဒါပေမယ့် လေကြောင်းက ဗုံးကြဲမှုတွေနဲ့ ရွာမီးလောင်မှုတွေကြောင့် ရပ်ရွာလူထုတစ်ရပ်လုံး ထိခိုက်ပျက်စီးရတာက အထူးတုန်လှုပ်ဖွယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အရပ်သားတွေအပေါ် ကျယ်ကျယ် ပြန့်ပြန့်နဲ့ စနစ်တကျတိုက်ခိုက်မှုတွေ ဖြစ်နေပြီး စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ သိသိသာသာ တိုးလာနေတာကို ကျွန်တော်တို့ ရရှိထားတဲ့ သက်သေအထောက်အထားတွေက ဖော်ပြနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြစ်မှုကျူးလွန်သူ တစ်ဦးချင်းစီ တာဝန်ခံမှုရှိစေရန် လုပ်ဆောင်ရာမှာ တရားရုံးများက အသုံးပြုနိုင်မယ့် အထောက်အထားများ စုဆောင်းနေပါတယ်” ဟု IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ဆိုသည်။
စစ်ကောင်စီသည် စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများ အပါအဝင် လေကြောင်းမှ တိုက်ခိုက်မှုများကို စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအဖြစ် အကြောင်း ပြသလို အဆိုပါတိုက်ခိုက်မှုအချို့ ဖြစ်ပွားချိန်တွင် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအတွင်း (သို့မဟုတ်) အနီးတစ်ဝိုက်တွင် အရပ်သားအများအပြား ရှိနေသည်ကို စစ်ကောင်စီမှ သေချာသိရှိထားကြောင်း IIMM ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
နိုင်ငံတကာဥပဒေအရ စစ်ခေါင်းဆောင်အပါအဝင် အာဏာသိမ်း စစ်ကောင်စီမှ အဆင့်ဆင့်အမိန့်ပေးသော အရာရှိများသည် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာဝန်ရှိပြီးအဆိုပါ ပြစ်မှုများကို အကြိမ်ကြိမ် လျစ်လျူရှုခြင်းသည် ၎င်းတို့ကိုယ်တိုင် ရာဇ၀တ်မှုများကို ကျူးလွန်ရန် ရည်ရွယ်ညွှန်ပြ ခြင်းဖြစ်သည်ဟု ယင်းအစီရင်ခံစာက ဆိုထားသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ -IIMM သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အလုံးအရင်းဖြင့် ရွှေ့ပြောင်း ထွက်ခွာသွားစေသည့် အကြမ်းဖက်မှုများကို ဆက်လက်အားစိုက် စုံစမ်းစစ်ဆေးနေပြီး အထူးသဖြင့် ရိုဟင်ဂျာများအပေါ် လိင်နှင့် ကျား/မအခြေပြု ရာဇ၀တ်မှု ကျူးလွန်မှုများ ထိုအချိန်က ပျံ့နှံ့ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
“လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု ရာဇ၀တ်မှုတွေဟာ ကျွန်တော်တို့ စုံစမ်းစစ်ဆေး နေတဲ့အမှုတွေအနက် အဆိုးရွားဆုံး ရာဇ၀တ်မှုတွေထဲမှာ ပါဝင်ပါတယ်။ ရိုဟင်ဂျာ ရှင်းလင်းစစ်ဆင်ရေးအတွင်းမှာ ဒီရာဇဝတ်မှုတွေ အလွန်ပျံ့နှံ့ဖြစ်ပွားခဲ့တာကြောင့် ကျွန်တော်တို့ တွေ့ဆုံမေးမြန်းထားတဲ့ မျက်မြင်သက်သေအများစုမှာ သက်ဆိုင်ရာ အထောက်အထားတွေ ရှိပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ဆိုထားသည်။
ထို့အပြင် IIMM သည် လက်ရှိ ရိုဟင်ဂျာဆိုင်ရာ အမှုကိစ္စများ ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံးရုံး၊ အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အာဂျင်တီးနား တရားရုံးမှ တာဝန်ရှိသူများထံ အထောက်အထားများ၊ အချက်အလက်များနှင့် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာများကို မျှဝေလျက်ရှိပြီး ယခုပဉ္စမအကြိမ် နှစ်ပတ်လည် အစီရင်ခံစာကိုလည်း လာမည့် စက်တင်ဘာလ ၁၁ ရက်တွင် ပြုလုပ်မည့် (၅၄) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီ #စစ်ရာဇ၀တ်မှုများ #ပုံစံသုံးမျိုးဖြင့်ကျူးလွန် #IIMM #အမြန်ဆုံး အရေးယူရန် #အထူးအရေးကြီး #Ayeyarwaddy_Times