ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၁၄ ရက်

နျူကလီးယားအကောင်အထည်ဖော်ရန်ကြိုးစားနေသည့် စစ်ကောင်စီသည် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များတွင် ဆက်ဆံမှုရှိသည့် ရှရှားနိုင်ငံသို့ လာမည့် စက်တင်ဘာ ၅ ရက်နေ့မှစတင်ကာ မြန်မာ-ရုရှား လေကြောင်းလိုင်း ခရီးစဉ်ကို ပျံသန်းမည်ဖြစ်ကြောင်း ခရိုနီ ဦးဇော်ဇော်အောင် ပိုင်ဆိုင်သည့် MAI လေကြောင်လိုင်းက ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံ၊ နိုဗိုဗရစ်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်အဖြစ် ရန်ကုန်နှင့် မန္တလေးမြို့မှ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တို့တွင်ပျံသန်းမည်ဖြစ်ကာ လက်မှတ်ခနှုန်းထား အမေရိကန်ဒေါ်လာ ၄၀၉ ဒေါ်လာ သတ်မှတ်ထားကြောင်းသိရသည်။

စစ်အာဏာသိမ်းမှုကြောင့် ဖယ်ကျဉ်ခံထားရသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံကို အရေးကြီးပြီးယုံကြည်ထားရသော မိတ်ဖက် အဖြစ်သတ်မှတ်ယူထားပြီး ရုရှားနိုင်ငံမှနေ၍ နျူကလီးယားနည်းပညာရရှိရေး၊ စစ်ရေး၊ စီးပွားရေးအပါအဝင် အလုံးစုံမျှော်လင့်နေကြောင်းသိရသည်။

လက်ရှိတွင် နျူကလီယားနည်းပညာ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ကိစ္စရပ်တွင် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များ‌ထွက်ပေါ်လာရန်အတွက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State ထံက သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံနှင့် ပူး‌ပေါင်း ဆောင်ရွက်ရာတွင် နှစ်နိုင်ငံဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်‌ရေး၊ ကမ္ဘာလှည့်ခရီး သွားကဏ္ဍများ၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာများအပါအဝင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၀ ပြည့်နှစ်မှစတင်ကာ မြန်မာနိုင်ငံရှိ စစ်တပ်အရာရှိအချို့ကို ရုရှားနိုင်ငံသို့စေလွှတ်ခဲ့ပြီး စစ်တပ်ဆိုင်ရာ သိပ္ပံပညာရှင် ၇၀၀၀ ကျော်တို့ ပညာသင်ကြား လေ့လာပြီးဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းစာဆရာ Bertil Lintner ရေးသားထားသည်။

စစ်ကောင်စီတပ်သည် ရုရှားနိုင်ငံသို့ နှစ်စဉ်ပညာတော်သင်များ စေလွှတ်ပြီး ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်း၊ Doctor of Science အတန်းများတက်ရောက်စေကြောင်းသိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလပိုင်းတွင် ရုရှားနိုင်ငံသို့သွားရောက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့‌ဆုံခဲ့ပြီး လက်ရှိ စစ်ကောင်စီတပ်အသုံးပြုနေသည့် စစ်လက်နက်များသည် ရှရှားနိုင်ငံထုတ် လက်နက်ပစ္စည်းများနှင့် ရုရှားနည်းပညာသုံးပြည်တွင်းထုတ်လက်နက်များဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#နျူကလီးယားစီမံကိန်း #စစ်ကောင်စီ #စက်တင်ဘာ၅ရက် #မြန်မာရှရုား လေယာဉ်ပျံသန်း #ရုရှားပညာသင်၇၀၀၀ #Ayeyarwaddy_Times