
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၄ ရက်
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းများနှင့် ခြင်းကြားအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့ ည ၆ နာရီခန့်က စစ်ကောင်စီတပ်ကို ကရင်နီ ပူးပေါင်းတော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်နာရီကျော် ကြာဖြစ်ပွားခဲ့ကြောင်း ကရင်နီပူးပေါင်းအဖွဲ့ထံက သိရသည်။
“ဒီမော့ဆိုနဲ့ ဖရူဆို ပြည်ထောင်စုလမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်နေတာက ဒီလ(ဩဂုတ်) အစကတည်းကပဲ။ စစ်တပ် ဘက်က အထိအခိုက် သေဆုံးမှု များတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ လက်နက်ခဲယမ်းတွေတော့ ထောင်ချီသိမ်းမိတယ်။ ဖိုးဝီးကားနဲ့ နှစ်စီးအပြည့်ပဲ” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ် တပ်မ (၅၅) သည် ကရင်နီပူးပေါင်းအဖွဲ့များ ၀င်ရောက် တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများခဲ့ပြီး စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် အသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးပေ။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ် အတွင်းရှိ မယ်စဲ့မြို့နှင့် ဒီမော့ဆို-ဖရူဆိုလမ်းပိုင်းနှင့် ဖယ်ခုံ-လွိုင်ကော်စသည့် အဓိကလမ်းမကြီးများကို ပြန်လည် ရယူနိုင်ရေးအတွက် အင်အားများထပ်တိုးကာ စစ်ကြောင်းထိုး၀င်ရောက်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများနေ၍ တပ်ရင်း၊ တပ်ဖွဲ့များပင် ဖွဲ့စည်းပုံပျက်နိုင်သည့် အခြေအနေတွင်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ထီးသော်ကူးတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံက ရရှိခဲ့သည့် လက်နက်ခဲယမ်းနှင့် ခြင်းကြားများ
#ကရင်နီ #ဖရူဆို #စစ်ကောင်စီတပ် #တိုက်ပွဲပြင်းထန် #ခြင်းကြား #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #Ayeyarwaddy_Times