
`
နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ၊ ကျိုတ်ထို မြိုနယ်နှင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် တေားကျီးကန်း PDF စစ်ကြောင်း ၊ တပင်ရွှေထီး စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များက သွားရောက်တိုက်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေး အင်အားစုများသည် ယခု သြဂုတ်လ ပထမပတ် နှင့် ဒုတိယပတ်များအတွင်း သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘီးလင်းမြို့နယ် မရမ်းကုန်းကျေးရွာသို့ စခန်းချတပ်စွဲရန်ရောက်ရှိလာသည့် အင်အား ၈၀ ပါ စစ်ကြောင်းကိုတိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံကသိရသည်။
“မရမ်းကုန်းကျေးရွာကို စခန်းချတပ်စွဲရန်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ကျွန်တော်တို့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက အနီးကပ် ချေမှုန်း တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်” ဟု တောကျီးကန်းစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်များသည် အဆိုပါ ဒေသတစ်ဝိုက်ကို နယ်မြေစိုးမိုးနိုင်ရန်အတွက် ဝင်ရောက်လာခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှု့ကြောင့် အကြိမ်ကြိမ် ဆုတ်ခွာထွက်ပြေးနေပြီး ဒေသခံများ မထိခိုက်အောင် စစ်ရေးကိုပုံဖော်၍ လုပ်ဆောင်နေကြောင်း တေားကျီးကန်းစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
စစ်ကောင်စီတပ်တွေသည် ကရင်ပြည်နယ် ၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အင်အားများ ဖြည့်တင်း၍ ထိုးစစ်ဆင်နေသော်လည်း တော်လှန်ရေးအင်အားစုများရှိရာ ဒေသများတွင် သေဆုံးမှုများကာ ဝင်ရောက်နိုင်ခြင်းမရှိ၍ ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာများသို့သာ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေ ကြောင်း စစ်မြေပြင်သတင်းရင်းမြစ်များ ထံကသိရသည်။
ဓာတ်ပုံ- တောကျီးကန်းစစ်ကြောင်း
#သထုံ #ဘီးလင်း #ကျိုတ်ထိုဒေသ #စစ်ကြောင်းထိုးစစ်ကောင်စီတပ် #တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက် #Ayeyarwaddy_Times