
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၁၃ ရက်
စင်ကာပူနိုင်ငံအခြေစိုက် UOB ဘဏ်က စစ်ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ အပါအဝင် မြန်မာငွေစာရင်းများမှ နိုင်ငံခြားငွေလွှဲ လုပ်ငန်း ရပ်ဆိုင်းမည်ဟု ကြေညာပြီးနောက် မြန်မာငွေလဲနှုန်း ထပ်မံကျဆင်းခဲ့ပြီး ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၁၀၀ ကျပ်နှုန်းအထိ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
အာဏာသိမ်းစစ်ကောင်စီက မာရဝိဇရဘုရားပြီးစီးခြင်းနှင့် ဆင်ဖြူတော်မွေးနေ့ ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ကျပ် ၂ သောင်းတန်ငွေစက္ကူသစ်ဂယက်ကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခဲ့ရာမှ ဩဂုတ်လ ၁၁ ရက်နေ့တွင် UOB ဘဏ်၏ကြေညာချက်ကြောင့် မြန်မာကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အထိ ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၈၅ ကျပ်နှုန်း ပေါက်စျေးရှိခဲ့သော်လည်း ကျပ် ၂ သောင်းတန် ထုတ်ဝေမည့်သတင်းကြောင့် ဇူလိုင်လနောက်ဆုံးပတ်အတွင်း ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၉၅ ကျပ်နှုန်းအထိ ကျဆင်းခဲ့သည်။
UOB ဘဏ်၏ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ဩဂုတ်လ ၁၁ ရက်နေ့မှစတင်၍ ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၁၀၀ ကျပ်အထိ ထပ်မံ ကျဆင်းခဲ့သဖြင့် လုပ်ငန်းလိုအပ်ချက်အရ မြန်မာကျပ်ငွေမှ ထိုင်းဘတ်လဲလှယ်နေသူ မြန်မာကုန်သည်များ ဆံးရှုံးနစ်နာမှုအများအပြား ဖြစ်ပေါ်နေကြောင်း သိရသည်။
“အခုက ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၁၀၀ ကျပ်အထိ စျေးကျသွားတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ရပ်နေတုန်းပဲ။ တံတားကျိုးလို့ ရပ်နေတာလည်း ပါသလို မြန်မာငွေစျေး အရမ်းကျနေတော့ ကုန်သည်တွေက အရောင်းအဝယ်သိပ်မလုပ်ဘဲ စောင့်ကြည့်နေကြတာလည်း ပါတယ်”ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်သည့် ထိုင်း-မြန်မာငွေလဲလုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်က မြန်မာနိုင်ငံကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၄၅ ကျပ်သာရှိခဲ့သော်လည်း အာဏာသိမ်းမှု ၂ နှစ်ခွဲအချိန်ကာလတွင်း ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၁၀၀ ကျပ်အထိ တန်ဖိုးကျဆင်းခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်က မြန်မာကျပ်ငွေ ၁ သိန်းလဲလှယ်လျှင် ထိုင်းဘတ်ငွေ ၂၂၀၀ ဝန်းကျင် ရရှိခဲ့ပြီး လက်ရှိတွင် မြန်မာကျပ်ငွေ ၁ သိန်းလဲလှယ်လျှင် ထိုင်းဘတ်ငွေ ၁၀၂၀ ဘတ်သာ ရရှိမည်ဖြစ်သည်။ စစ်တပ်အုပ်ချုပ်ပြီးနောက် မြန်မာငွေတန်ဖိုးမှာ ရာခိုင်နှုန်းအားဖြင့် ထက်ဝက်ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။
UOB ဘဏ်၏ကြေညာချက်ကြောင့် ဩဂုတ်လ ၁၁ ရက်နေ့မှစတင်၍ အကယ်ဒမီရွှေဈေးမှာလည်း ၃၆ သိန်းကျော် မြင့်တက်ခဲ့ပြီး အမေရိကန် တစ်ဒေါ်လာဈေး ကျပ် ၃၅၀၀ ကျော်ရောက်ရှိခဲ့ကြောင်း သိရသည်။
#ထိုင်းဘတ် #မြန်မာကျပ် #ငွေလဲနှုန်း #နယ်စပ်ကုန်သွယ်ရေး #Ayeyarwaddy_Times