ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ကို လာရောက်ခဲ့သညိ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၁၁ ရက်နေ့က မြို့မိမြို့ဖဆိုသူများနဲ့တွေဆုံပွဲမှာ ဧရာ၀တီတိုင်းဟာ အားကိုးအားထားပြုလို့ရတဲ့ တိုင်းဒေသတစ်ခုဖြစ်ကြောင်းချီးကျူးပြောဆိုသွားကြောင်းသိရှိရသည်။

ဧရာ၀တီတိုင်းဟာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေး၊ပညာရေး၊ ကျန်းမာရေးများမှာ ကောင်းမွန်သည့်အခြေအနေရှိနေပြီး နိုင်ငံအတွက်အားကိုးရသည့် တိုင်းတစ်ခုဖြစ်သဖြင့် ထိုကောင်းမွန်သည့်အခြေအနေများကိုဆက်လက်ထိန်းသိမ်းသွားဖို့ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေကဖော်ပြထားသည်။

“ကျွန်တော်တို့ဘက်က မြို့တိုင်းမှာစစ်တပ် အခြေစိုက်တယ် ၊ နောက်ပြီးသတင်းပေး တွေကလည်း ပေါပါတယ်။ မြို့ပြပျောက်ကျားအဖွဲ့လေးတွေလည်း ကြာကြာလှုပ်ရှားဖို့မလွယ်တော့ အေးချမ်းသလိုဖြစ်နေတော့ သူပြောလဲပြောခြင်စရာပဲလေ။ တော်လှန်ရေးမှာ ပါ၀င်နေတဲ့ တစ်ခြားဒေသတွေမှာဧရာ၀တီတိုင်းသားတွေတော့အများကြီးပါ “ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ထို့ပြင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်ကတပ်မိသားစုတွေကို တွေ့ဆုံပြီး NLD ပါတီမှ ရွှေးကောက်ပွဲမဲမသာမှု​ပြုလုပ်ပြီး အာဏာရယူရန်ကြိုးစားတာကြောင့်နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးတော့မယ့် အခြေအနေကိုတပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်တွေကို ဝင်ရောက် ထိန်းသိမ်းရ​သည်ဟု လာရောက်တိုင်း ပြောကြားနေကြ အတိုင်းပြောကြားခဲ့ကြောင်း တပ်မိသားစုနဲ့နီးစပ်သူများကပြောဆိုသည်။

စစ်ကောင်စီဥက္ကဌက ပုသိမ်မြို့ကိုရောက်ရှိစဥ် မြို့မိမြို့ဖဆိုသူများနှင့်တွေ့ဆုံခဲ့ကာ ရွှေမုဌောဘုရား၊ ရေပေးဝေရေးစက်ရုံ၊ ကိုးသိန်းအားကစားကွင်းနှင့် သာပေါင်းမြို့စက္ကူစက်ရုံကိုလည်းသွားရောက်ခဲ့ကြောင်းသိရှိရသည်။

စစ်ကောင်စီဥက္ကဌရောက်ရှိနေချိန် အတွင်း ပုသိမ်မြို့မှာ လုံခြုံရေးအင်အားအများအပြားချထားပြီး လမ်းများပေါ်မှာအမှိုက်မရှိအောင်ရှင်းလင်းထားကာ ကျေးရွာများပါမကျန် လျှပ်စစ်မီးမပျက်ပဲရရှိနေကြောင်မြို့ခံများထံမှသိရှိရသည်။

#ပုသိမ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ချီးကျူး #Ayeyarwaddy_Times