
ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဩဂုတ် ၁၃ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အခြေစိုက်ထားသော ခြေလျင်တပ်ရင်း၊ ခလရ -၂၆၈ စစ်ကောင်စီတပ်ကုန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ကဘော်၊ဂန့်ဂေါ) ပူးပေါင်းတပ်က ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံး၍ ကိုး ဦးဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသား တပ်မတော်ထံမှ သိရသည်။
စစ်ကောင်စီ၏ ခလရ -၂၆၈တပ်ကုန်းကို ယမန်နေ့ နံနက် ၁ နာရီခန့်က ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-KKG က MA3 လေး လက်၊ ၆၀-မမ သုံးလက်၊ စက်သေနတ် နှစ်လက်၊ RPG လောင်ချာ နှစ်ခုနှင့် ပွိုင့်-၅ စက်သေနတ်ကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့(KKG) ရဲဘော်တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
“သူတို့ရဲ့ဂိတ်နှစ်ခုကို ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်။ သွားရောက်တိုက်ခိုက်တုန်းက သန်းခေါင်ကျော်ဆိုတော့ တပ်ကုန်းထဲက လက်နက်တိုက်လို့ ထင်တဲ့နေရာကို ဝင်တဲ့ အခါမှာ ကျွန်တော်တို့ဘက်က အချင်းချင်းအချိတ်အဆက်မမိမှာစိုးလို့ ချက်ခြင်း ပြန်ဆုတ်လိုက်တဲ့ သဘောဖြစ်သွားတာပေါ့နော်။ အဲ့ဒီမှာ လက်နက်ကြီးတချို့ကိုတော့ ကျွန်တော်တို့ သယ်မလာနိုင်ခဲ့ဘူး။ ညအမှောင်ထဲမှာဆိုတော့ အချင်းချင်းလူလွဲမှာစိုးတဲ့ အခက်အခဲတွေတော့ ကြုံခဲ့ရတယ်”ဟု ချင်းအမျိုးသားတပ်မတော်၊ ပြောခွင့် ရပုဂ္ဂိုလ်ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ဖလမ်းမြို့၊ စစ်ကောင်စီတပ်ကုန်းကို သွားရောက်တိုက်ခိုက်ပြီးနောက် နံနက် ၁၁ နာရီ ခန့်တွင် ဖလမ်းမြို့အနီးရှိ ရမ်ထလိုကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး ဒေသခံပြည်သူ ခုနစ် ဦးဒဏ်ရာရရှိ၍ ဘုရားကျောင်း အပါအဝင် လူနေအိမ် နှစ်လုံးပျက်စီးခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ ဖလမ်းမြို့၊ ခလရ-၂၆၈ တပ်ကုန်းမှနေ၍ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆွန်တလာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်မပြည့်သေးသည့် အမျိုးသမီး ငယ်တစ်ဦးအပါအဝင် ဒေသခံမိသားစုဝင် သုံး ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်းသိသည်။
ဓာတ်ပုံ-သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
#ချင်းပြည်နယ် #ဖလမ်းမြို့ #ခလရ၂၆၈တပ်ကုန်း #ချင်းအမျိုးသားတပ်မတော် #CDF-KKG #စစ်ကောင်စီတပ်ဖွဲ့ဝင်၆ဦးသေဆုံး #လက်နက်ခဲယမ်းများသိမ်းဆည်းရမိ #Ayeyarwaddy_Times