ကျော်လင်း/ဧရာဝတီတိုင်းမ်
(ဘိုကလေး)၊ ဇူလိုင်လ ၁၈ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မ ရဲစခန်းမှူး ညွှန့်လှိုင်က ဘိုကလေးမြို့နယ်အတွင်း ညအချိန် ဧည့်စာရင်းလိုက်စစ်ကာ ဖမ်းဆီးငွေညှစ်မှုများလုပ်ဆောင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
မြို့မ ရဲစခန်းမှူး ညွှန့်လှိုင်က ဘိုကလေးမြို့နယ်အတွင်း ညစဥ်ဆိုသလို ၎င်းသံသယရှိတဲ့ နေအိမ်တွေကို လိုက်လံဧည့်စာရင်းစစ်ကာ ဒေသခံပြည်သူများအပေါ် ဖမ်းဆီးငွေညှစ်မှုများလုပ်ဆောင်နေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
“စွယ်တော်က ဘယ်လိုလုပ်လဲဆိုတော့ အခု ၁၀ နာရီမဟုတ်လား။ သူသံသယရှိရင် အဲ့အိမ်ကို ဧည့်စာရင်းစစ်တယ်။ လူပိုနေရင် မွှေဖမ်းတယ်။ ဧည့်စာရင်း ဥပဒေနဲ့ စွဲတယ်။ ဝင်စစ်လို့ ၅ ယောက်က ၃ယောက်ပဲရှိနေတယ်ဆိုပါဆို့ လိုနေတဲ့နှစ်ယောက်ဘယ်မှာလဲ အဲနှစ်ယောက်ကိုတာဝန်ယူလားတာဝန်ခံလား။ ဘာညာလုပ်ဝူးဝူးဝါးဝါး လုပ်တယ်။ ရီမန်ယူ အချုပ်ထဲထည့်တယ်။ အချုပ်ထဲရောက်ပြီး အလကားပြန်လွတ်တာ မရှိဘူး။ ဧည့်စာရင်း စစ်တာကလဲ တပြေးညီ မဟုတ်ဘူး စစ်ချင်တဲ့ ချမ်းသာတဲ့ အိမ်ကိုပဲ ရွေးပြီးစစ်တာ” လို့ ဘိုကလေးမြို့နယ် စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧည့်စာရင်းလိုက်လံစစ်ဆေးစဥ် မေးမြန်းစစ်ဆေး၊ ဖုန်းနှင့် ကွန်ပျူတာများအား စစ်ဆေးခြင်းများပါလုပ်ဆောင်နေပြီး အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးချုပ်နှောင်ကာ ငွေပေးမှပြန်လွှတ်ပေးတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ကျွန်တော်တို့ကို ဘယ်လိုမြင်မလဲါ ဥပဒေက တပြည်းညီ မဟုတ်တဲ့အပြင် သူတို့က နေရာရွှေ့ပြောင်းသွားမှာ။ ကျွန်တော်တို့က မြို့မှာ အတူတူနေကြရတာ။ အပြစ်မရှိတာလဲ သိတာပဲ။ ငွေကုန်တာလဲသိတာပဲ။ မြို့ကကျဥ်းကျဥ်းလေး ငွေကုန်ပြီးမှ လွတ်ကြရတာ။ အဲ့မျိုးလွတ်နေတဲ့သူတွေအများကြီးပါပဲ အဖမ်းခံရပြီးပြန်လွတ်နေသူ၊တရားစွဲခံရသူ နဲ့ ထောင်တကယ် ကျသွားသူ စာရင်းတွေ သိနေသူ အများကြီးပါ”လို့ ဘိုကလေးမြို့နယ် စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စခန်းမှူး ညွှန်လှိုင်မှာ မအူပင်မြို့မရဲစခန်းတွင် တာဝန်ကျခဲ့ဖူးသူဖြစ်ပြီး ဒေသခံများအပေါ် အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးငွေညှစ်ရာမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်တယ်လို့ မအူပင်မြို့ခံအချို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။