မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှာ ဘဏ်စနစ်တွေ ရပ်ဆိုင်း၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေ ဆက်တိုက်ဖြစ်ပေါ် ခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံထဲက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများအပြား ထွက်ခွာသွားတာကြောင့် အလုပ်လက်မဲ့ဖြစ်မှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ စီးပွားရေးကြပ်တည်းမှုတွေ တစထက်တစ ကြီးမားလာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ယိုယွင်းပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်မှာ ၅၄ သန်းသော မြန်မာပြည်သူလူထုကို အကြီးအကျယ် ဒုက္ခပေးဖို့ ခေါင်းထောင်လာတဲ့ပြဿနာကတော့ မြန်မာငွေစက္ကူအတုတွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလမှာ တရားဥပဒေစိုးမိုးမှု လျော့ကျလာခြင်းနဲ့အတူ ငွေစက္ကူအတု ရောင်းဝယ်ရေးလုပ်ငန်းတွေဟာလည်း အွန်လိုင်းပလက်ဖောင်းပေါ်မှာ ပေါ်ပေါ်ထင်ထင်ရောင်းချ လုပ်ကိုင်တာ တွေ့ရပါတယ်။

အာဏာမသိမ်းခင်ကတည်းက အွန်လိုင်းကတဆင့် မြန်မာငွေစက္ကူအတု ရောင်းချတဲ့လုပ်ငန်းတွေ ရှိခဲ့ပေမယ့် ထိုစဉ်က အရပ်သား NLD အစိုးရက ကြပ်ကြပ်မတ်မတ် ဖမ်းဆီးအရေးယူမှုတွေရှိခဲ့တဲ့အတွက် ငွေအတုရောင်းဝယ်ရေးလုပ်ငန်းတွေဟာ မတွင်ကျယ်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။

သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်သူလူထုရဲ့ အကြမ်းမဖက် ဆန္ဒပြပွဲတွေနဲ့ လက်နက်ကိုင် တော်လှန်မှုတွေကို အလေးထားဖြိုခွင်းနေတဲ့ စစ်ကောင်စီကြောင့် တရားဥပဒေစိုးမိုးရေးတွေ ယုတ်လျော့ လာခဲ့ပါတယ်။

တရားဥပဒေစိုးမိုးမှု လျော့နည်းလာချိန် မြို့ပြတွေမှာ ဒုစရိုက်မှုတွေ တစထက်တစ များပြားလာနေသလို မြန်မာ ငွေစက္ကူအတု ရောင်းဝယ်ရေးလုပ်ငန်းတွေဟာလည်း အွန်လိုင်းမှာ အခြားသော အွန်လိုင်းရှော့ပင်း (Online Shopping) များလို ငွေစက္ကူအတုတွေကို ပေါ်ပေါ်ထင်ထင် ရောင်းချမှုတွေ ပြုလုပ်လာကြပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ စုံစမ်းထောက်လှမ်းမှုတွေအရ မြန်မာငွေစက္ကူအတု ပြုလုပ်ရောင်းချသူတွေဟာ မြန်မာငွေ ၁ ထောင်တန်၊ ၅ ထောင်တန်နဲ့ ၁ သောင်းကျပ်တန် တွေကို ထုတ်လုပ်နေကြောင်း သိရပါတယ်။ သူတို့အဓိက အတုထုတ်လုပ်တာတော့ ၅ ထောင်ကျပ်တန်နဲ့ ၁ သောင်းကျပ်တန်တွေဖြစ်ပြီး မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook လူမှုကွန်ယက်မှာ Page ဖွင့်ရောင်းချကာ ဝယ်လက်များကို ရှာဖွေပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ ပြုစုထားတဲ့စာရင်းအရ Facebook လူမှုကွန်ယက်မှာ ငွေစက္ကူ အတုရောင်းချတဲ့ Facebook Page ပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် Facebook မှာ ငွေစက္ကူအတု ရောင်းဝယ်ရေး Group ပေါင်း ၂၀၀ နီးပါးရှိပြီး အခြားသော သတင်းနဲ့ အွန်လိုင်းပစ္စည်း ရောင်းဝယ်ရေး Group တွေထဲမှာလည်း ငွေစက္ကူအတု ဝယ်လက်ရှာဖွေတဲ့ပို့စ်တွေ လိုက်တင်နေတာ တွေ့ရပါတယ်။

ဝယ်လိုသူတွေပေါ်ပေါက်လာတဲ့နောက်မှာ သူတို့သတ်မှတ်ထားတဲ့ ငွေပေးချေမှုတွေ ဆောင်ရွက်ခဲ့ရင် ငွေစက္ကူအတုတွေကို စာတိုက်နဲ့ အဝေးပြေးကားလိုင်းတွေ၊ ကုန်စည်ပို့ဆောင်ရေးတွေကတဆင့် အရောင်းအဝယ် ပြုလုပ်ကြပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနက ဝယ်သူအဖြစ်ဟန်ဆောင်ပြီး စုံစမ်းမေးမြန်းခဲ့ရာမှာ မြန်မာငွေ အစစ် ၁ သိန်း ပေးရင် ငွေစက္ကူအတု ၁၀ သိန်း ပေးမှာဖြစ်ပြီး ကားဂိတ်မှတဆင့် ပါဆယ်ထုတ်ကာ အိမ်အရောက်ပို့ပေးမယ်လို့ ပြောပါတယ်။ အရောင်း အဝယ်လုပ်ဖို့ သဘောတူရင် ကိုယ်ဝယ်မယ့် ငွေပမာဏရဲ့ ထက်ဝက်ကို စရန်ငွေအဖြစ် သူတို့ဆီ အရင်လွဲှပေးရမယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနက ဝယ်သူပုံစံ ဟန်ဆောင်မေးမြန်းရာမှာ ငွေစက္ကူအတုရောင်းချသူက “ဝယ်မယ်ဆိုရင်တော့ အရင်ဆုံး စရံတဝက်ချေရမယ်။ ပြီးရင် သေချာပါဆယ်ထုတ်ပြီး ကားနဲ့ပို့ပေးမယ်။ အရောက်ပို့ပေးမယ်။ ဘာပြဿနာမှ မတက်စေရဘူး။ စိတ်ချပါ။ ကိုယ့်လက်ထဲရောက်လို့ သုံးလို့မိရင်တော့ တာဝန်မယူဘူး”လို့ ပြောပါတယ်။

ငွေစက္ကူအတု ရောင်းချသူအပေါ်မူတည်ပြီး ငွေအစစ် ၁ သိန်းပေးရင် ငွေအတု ၁၀ သိန်းပေးသူရှိသလို တချို့သော တဆင့်ခံရောင်းချသူတွေကတော့ ၂ သိန်း၊ ၃ သိန်း (၂ ဆ၊ ၃ ဆနှုန်း) ပေးလေ့ရှိပါတယ်။

သူတို့ရောင်းပေးတဲ့ ငွေစက္ကူအတု ၁ သောင်းကျပ်တန်ဟာ ဈေးကွက်ထဲမှာ သုံးနေတဲ့ ငွေအစစ်နဲ့ ခွဲမရအောင် အမြင်အားဖြင့် တူညီအောင်ပြုလုပ်ထားပြီး လူစည်ကားတဲ့ ရပ်ကွက်ဈေးတွေနဲ့ လမ်းဘေး ဈေးဆိုင်တွေမှာ သုံးစွဲဖို့ သူက ဆက်ပြောပါတယ်။

ဈေးကွက်ထဲသို့ဖြန့်နေသည့် ငွေစက္ကူအတုတွေဟာ ဂျာမနီနိုင်ငံမှ စက်များကိုဝယ်ယူပြီး ရိုက်နှိပ်ဖြန့်ဖြူး နေတာဖြစ်တယ်လို့ ငွေအတုပြုလုပ်သူတွေက ဆိုပါတယ်။ ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ ယင်းအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ငွေအတုရောင်းချရာမှာ အွန်လိုင်းကတဆင့်၊ ဖုန်းအဆက်အသွယ်တွေကတဆင့် ပြုလုပ်ကြသလို ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ လူကိုယ်တိုင် တွေ့ဆုံရောင်းဝယ်ကြတာတွေလည်း ရှိနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနက ဝယ်သူဟန်ဆောင်ပြီး ရန်ကုန်မြို့က နောက်ထပ်ငွေအတုရောင်းသူ တစ်ဦးကို မေးမြန်းခဲ့ရာမှာ“ကျွန်တော်တို့ကို ငွေကြိုပို့တာ စရံပေးတာ လုံးဝလုပ်စရာ မလိုပါဘူး။ ရန်ကုန်မြို့တွင်းဆို လူတွေ့ပြီး ငွေချေလို့ရပါတယ်။ အမှန်အကန် ရောင်းပေးနေတာပါ။ အလိမ်အညာ လုံးဝမဟုတ်ပါဘူး။ ၁ ထောင်တန်၊ ၅ ထောင်တန်နဲ့ ၁ သောင်းတန် လိုချင်သလောက် ရပါတယ်။ ကွာလတီ ၉၀ ရာခိုင်နှုန်း အာမခံပါတယ်။ သုံးရတာ အဆင်ပြေပါတယ်။ ကိုယ်ကထုတ်မပြောရင် အတုမှန်းတောင် မသိပါဘူး”လို့ ပြောပါတယ်။

အဆိုပါ မြန်မာငွေစက္ကူအတုတွေဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အရောင်းအဝယ်တွေ ပိုမိုတွင်ကျယ် လာနေပြီး ဝယ်လိုသူအများအပြားရှိနေတာကို ငွေအတုရောင်းဝယ်ရေး Facebook Group တွေထဲမှာ တွေ့မြင်ရပါတယ်။ ဝယ်ယူနေသူတွေဟာ ရန်ကုန်၊ မန္တလေး၊ ရခိုင်၊ မကွေး၊ မြစ်ကြီးနား၊မော်လမြိုင်၊ မြိတ်နဲ့ အာဏာသိမ်း စစ်ကောင်စီရုံးထိုင်တဲ့ နေပြည်တော်လိုနေရာမျိုးအထိ ပါဝင်နေတာ တွေ့ရပါတယ်။

ဧရာဝတီတိုင်းမှာ ၁ သောင်းတန် ငွေစက္ကူအတုတွေကို ၂၀၁၇ ခုနှစ်အတွင်းက ကျေးလက်ဒေသတွေမှာ ဖြန့်ဖြူးအသုံးပြုခဲ့တာ တွေ့ရတယ်လို့ ပုသိမ်မြို့နယ်က အငြိမ်းစား ရဲအရာရှိတစ်ဦးက ပြောပါတယ်။

“ကျေးလတ်နေပြည်သူတွေကျတော့ မနက်လယ်ထဲသွား၊ ညမှပြန်လာတဲ့သူက များတယ်။ သိပ်ပြီးမသိဘူး။ ငွေအတုတွေကို အဲ့လိုလူတွေကို သူတို့တွေက ပစ်မှတ်လုပ်ပြီး လိုက်ဖြန့်သုံးတယ်။ ဈေးတွေမှာသုံးတာတော့ ရှိတော့ ရှိတယ် နည်းတယ်။ ကျေးလက်နေပြည်သူတွေဆီမှာ ကျွဲနွားဝယ်တာတွေမှာ ငွေအတုသုံးတာတွေ ရှိတယ်”လို့ သူက ပြောပါတယ်။

မြန်မာငွေစက္ကူအတုတွေဟာ ယခင်က အိမ်နီးချင်းနိုင်ငံတချို့ရဲ့ နယ်စပ်တွေကတဆင့် ဝင်ရောက်ခဲ့ပေမယ့် လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ အဓိက ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း ငွေအတု ရောင်းချသူတွေထံက စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် လိမ်သူတွေက ငွေစက္ကအတုတွေ ပေးခဲ့ပြီး အဲဒါတွေကို အတုမှန်းမသိဘဲ ဖြန့်ဖြူးသုံးစွဲမိရင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅၊ ၁၀၆ စတဲ့ပုဒ်မတွေနဲ့ အရေးယူ အဖမ်းခံရမှာ ဖြစ်ပါတယ်။

ပုဒ်မ ၁၀၅ အရ လက်ဝယ်တွေ့ရှိပြီး သုံးစွဲသူဖြစ်ပါက ပြစ်မှုထင်ရှားစီရင်ခြင်း ခံရရင် ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်ပါတယ်။ ပုဒ်မ ၁၀၆ နဲ့ အရေးယူခံရရင်တော့ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် နှစ်၂၀ အထိ ချမှတ်ခံရနိုင်ပါတယ်။

တကယ်လို့ ငွေအတုတွေ ဘဏ်မှာ သွားအပ်မိရင် အရေအတွက် နည်းခဲ့ရင် ဘဏ်တွေက အဲ့ပိုက်ဆံအတုတွေကို အပေါက်တွေဖောက် ပြန်ပေးလေ့ရှိပါတယ်။ အရေအတွက်များရင်တော့ ရဲကို ဖုန်းဆက်ခေါ်ပြီး ဖမ်းခိုင်းတာတွေ ဖြစ်လာနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။

“ငွေအတုက လက်ဝယ်ထားတာ၊ သုံးစွဲတာဆိုကတည်းက ဥပဒေအရ အရေးယူခံရမယ်။ ထုတ်လုပ် ဖြန့်ဖြူးတာဆို ပိုအပြစ်ကြီးတယ်။ ကိုယ်က ငွေအတုမှန်း မသိလို့ ဘဏ်ကိုအပုံလိုက်သွားအပ်မိရင် ဒုက္ခ ပိုများနိုင်တယ်။ အဲ့ကျမှ မသိလို့ပါဆိုပြီး ပြောလို့မရတော့ဘူး”လို့ ပုသိမ်မြို့နယ်က ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ငွေစက္ကူအတု ဝယ်ယူသုံးစွဲသူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ၁ သောင်းတန်ငွေစက္ကူအတု ၅၃ သိန်းနဲ့အတူ စစ်ကောင်စီ လက်အောက်ရှိ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ ၃ ဦးဟာ တောင်ကုတ်ကနေ ရန်ကုန်ကိုသွားပြီး အောင်မင်္ဂလာအဝေးပြေးကားဝန်းမှာ ငွေအတုရောင်းသူကို ငွေအစစ် ၁၇ သိန်းပေးပြီး ငွေအတ ၅၃ သိန်းနဲ့ လဲလှယ်ကာ သုံးစွဲခဲ့သူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အခုလို ငွေစက္ကူအတုရောင်းဝယ်ရေးတွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြတာကို နှိမ်နှင်းဖို့ အာဏာသိမ်းစစ်တပ်မှာ အဓိကတာဝန်ရှိပြီး ငွေအတုတွေ ပိုမိုကျယ်ပြန့်လာခဲ့ရင် အခြေခံ လူတန်းစားနဲ့ အလယ်အလတ်လူတန်းစားတွေ အဓိက ဒုက္ခရောက်မှာဖြစ်တယ်လို့ ဧရာဝတီတိုင်းက အရပ်ဘက်အဖွဲ့အစည်း ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

“ငွေအတုတွေ ဒီထက်ပို ကျယ်ပြန့်လာရင် အဓိကထိခိုက်မှာက အခြေခံလူတန်းစားနဲ့ အလယ်အလတ် လူတန်းစားတွေ ဖြစ်မယ်။ ဈေးကွက်ထဲမှာ ယုံကြည်မှုတွေ ပျက်မယ်။ စီးပွားရေးတွေမှာ ဆုံးရှုံးနစ်နာမှုတွေ ဆင့်ကဲဖြစ်လာမယ်။ ဒုစရိုက်မှုတွေ ပိုပေါလာမယ်။ ဒါတွေကို ဖြေရှင်းဖို့ အာဏာသိမ်း စစ်ကောင်စီမှာ အဓိက တာဝန်ရှိတယ်။ ဒီငွေအတုကိစ္စကို မထိမ်းချုပ်နိုင်ရင် တတိုင်းပြည်လုံး ဒီထက်ပိုပြီး အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်”ဟု သူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိမှာ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေကို ဖမ်းဆီး နှိမ်နင်းတိုက်ခိုက်ဖို့ကိစ္စမှာ စစ်သားနဲ့ ရဲအင်အားတွေကို အဓိကအသုံးပြုနေတဲ့အတွက် ငွေစက္ကူအတုတွေကို အာရုံစိုက် နှိမ်နင်းဖို့ အင်အားမရှိဘူးလို့ စစ်ကောင်စီလက်အောက်မှာ အမှုထမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မြန်မာငွေစက္ကူရောင်းချသော Facebook Page တစ်ခု

“အရပ်သားအစိုးရလက်ထက်က ဒီမူးယစ်ဆေးဝါးနဲ့ ငွေတုရောင်းတာတွေကို သေချာအဖွဲ့ဖွဲ့ပြီး လိုက်တာမျိုး ရှိတယ်။ နယ်မြေမှာလည်း အဓိကထား ဖမ်းဆီးတယ်။ လာတိုင်လို့ ဖမ်းတာမျိုးကို ပြောချင်တာ မဟုတ်ဘူး။ သတင်းရယူ စုံစမ်းဖော်ထုတ် ဖမ်းတာမျိုးကိုပြောတာ။ အခုတော့ အင်အားမလောက်တော့ အဲ့လိုမျိုး သီးသန့်ဖွဲ့ပြီး ဖမ်းတာမျိုး မလုပ်နိုင်တော့ဘူး”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ် ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ ငွေအတုတွေနဲ့ လိမ်လည်လှည့်ဖျားမယ့်သူတွေရဲ့ရန်ကိုလည်း သတိပြုရမယ့် အခြေအနေ ရောက်နေပြီဖြစ်ပါတယ်။