
ဆလိုင်းဇလပ်ထန် /ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
တောင်ကုန်း၊ တောင်တန်းများ ထူထပ်ပြီး ဆိုးဝါးသော ရာသီဥတု ဒဏ်ကို ခံနေကြရသည့် ချင်းပြည်နယ်တွင် ချင်းအမျိုးသား တပ်မတော်နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များက အာဏာသိမ်း စစ်ကောင်စီ တပ်များကို အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်ဖြင့် ပြင်းပြင်း ထန်ထန် ပြန်လည် ခုခံ တိုက်ခိုက်နေသည်။
ထိုသို့ ပြင်းထန်သည့် ခုခံစစ်နှင့်အတူ ပြန်လည်တော်လှန်မှုများကြောင့် ချင်းပြည်နယ်သည် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုတွင် ဒုတိယအခက်ခဲဆုံးသော ပြည်နယ် ဖြစ်လာခဲ့ သည်။
#နယ်မြေ၇၅ရာခိုင်နှုန်းထိန်းချုပ်
ချင်းပြည်နယ်၏ နယ်မြေ ၇၅ ရာခိုင်နှုန်းခန့်ကို ချင်း အမျိုးသား တပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ် (CDF)နှင့် ချင်း အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (CNDF) တို့က ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီက ထိန်းချုပ်ထားသော မြို့ပေါ်ရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း များကိုလည်း ချင်း ကာကွယ်ရေး တပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ် နိုင်ခဲ့သည်။
ချင်းပြည်နယ်တွင် နယ်မြေစိုးမိုးမှုရရန် တစိုက်မတ်မတ် ကြိုးပမ်းလာသော စစ်ကောင်စီ တပ်ကို CNA/CNDF က အကောင်းဆုံး နည်းဗျူဟာများဖြင့် အထိနာအောင် တိုက်ခိုက်နိုင်သည့်အပြင် လက်နက် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းထားနိုင်ခဲ့သည်။
“သူတို့က နယ်မြေမကျွမ်းကျင်တဲ့ နေရာဆိုတော့ စစ်ရေးအရမှာတော့ ကျွန်တော်တို့ ဘက်က အသာစီးရတယ်။ လက်နက် အင်အားနဲ့ အသားစီးယူရန် ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကို ချင်းအမျိုးသား တပ်မတော် (CNA) နဲ့ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက အထိရောက်ဆုံးသော နည်းဗျူဟာနဲ့ ချုံခိုပြီးတော့ တိုက်ခိုက်နိုင်ခဲ့တယ်” ဟု ပြီးခဲ့သည့် မေလ နှင့် ဇွန်လ တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေကို CNA/CNDF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပြသည်။
စစ်ကောင်စီတပ်သည် လက်နက်၊ အင်အား သာလွန်များပြားသော်လည်း စိတ်ဓာတ် ပိုင်းဆိုင်ရာတွင် ယှဉ်ပြိုင် ရင်ဆိုင်နိုင်မှုမရှိခြင်း ၊ တိုက်ရည်၊ ခိုက်ရည်ညံ့ဖျင်းခြင်းနှင့် နယ်မြေ ကျွမ်းကျင်မှုမရှိသည့် စသည့် အကြောင်းအရာများသည် ချင်းကာကွယ်ရေး တပ်ဖွဲ့များကို အသာစီးရစေသည့် အချက်များဖြစ်သည်ဟု ဆိုကြသည်။
“စစ်ကောင်စီတပ်က ကျောက်ထုကနေ မင်းတပ် ကိုတောင် ကားမသုံးတော့တာ တွေ့ရတယ်။ စစ်ကြောင်းပုံစံ ခြေလျင်တက်သွားပြီး မင်းတပ်က အင်အားအချို့နဲ့ တပ်ချိန်းလိုက်တယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ တာဝန်ခံက ပြောပြသည်။
ချင်းကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် မြေပြင်တွင် ထိခိုက်သေဆုံးမှု များပြားနေသော စစ်ကောင်စီတပ်သည် ကုန်းကြောင်း တစ်ခုတည်းဖြင့် ထိုးစစ်မဆင်ရဲတော့ဘဲ အထိုင်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းကိုသာ အဓိက အသုံးပြုလာကြောင်းလည်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ချင်းပြည်နယ် နေရာဒေသ အနှံ့တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း ၂၀၀ ကျော်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့သည်။
ဆလိုင်းထက်နီက “စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီ တပ်က နယ်မြေ မစိုးမိုးနိုင် တော့တဲ့ အတွက် ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး လေကြောင်းနဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်”ဟု ပြောကြား သည်။
စစ်တပ်က အာဏာသိမ်းထားသည့် ၂ နှစ်ကျော် ကာလအတွင်း ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၈၀ နီးပါး အသက်ပေးခဲ့ရပြီး ဒေသခံ ပြည်သူများ၏ အိုးအိမ် ၅,၀၀၀ ကျော် ပျက်စီး ဆုံးရှုံးမှုရှိခဲ့ကြောင်း ချင်းရေးရာ အဖွဲ့ချုပ်ထံက သိရှိရပြီး စစ်ကောင်စီတပ်၏ သေဆုံးမှုစာရင်းကိုမူ အတိအကျ မသိရှိရပေ။
#တိုက်စစ်ဖြင့် စစ်ရေးဖွင့်မည့်၂၀၂၃
ချင်းကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ၂၀၂၃ ခုနှစ်တွင် မျှော်မှန်းထားသော စစ်ရေးမျှော်မှန်းချက်ကို မပြည့်ပြည့်အောင် တိုက်စစ်ဖြင့် စစ်ရေးဖွင့်ကစားတော့မည်ဟု တရားဝင်ထုတ်ဖော် ပြောကြားခဲ့ပြီး အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်)က ဆိုထားသည်။
“မြေပြင်စစ်ကြောင်း အားနည်းလာလို့ လေတပ်ကို အထူးအားကိုးနေရပြီ။ စစ်ကောင်စီက နောက်ဆုံး တိုက်စစ်ဖြစ်တဲ့ လေကြောင်းကို ပိုပြီး အသုံးပြုနေရပြီထင်တယ်”ဟု ချင်း ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ တာဝန်ခံက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် ရပ်ကွက်ပေါင်း လေးရပ်ကွက်မှလွဲ၍ ကျန်နေရာဒေသ အများစုကို ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်)က စိုးမိုးထားနိုင်ပြီး မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ မြို့အဝင်/အထွက် ဂိတ်များကို မကြာခဏ တိုက်ခိုက်ခြင်းများ ပြုလုပ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု များပြားစေခဲ့သည်။
“စစ်ကောင်စီတပ်က မြို့ထဲကို သွားလာလို့ရှိရင်တောင် စစ်ကြောင်းသဘောမျိုးနဲ့ပဲ သွားလာနေတဲ့ အနေ အထားရှိပါတယ်။ မကြာခင်အချိန် အတောအတွင်းမှာ ကျွန်တော်တို့ တိုက်စစ်ကြီးကို ဆင်နွှဲတော့မှာ ဖြစ်တဲ့အတွက် စစ်ရေး လှုပ်ရှားမှုတွေကတော့ ပိုမို ကြားလာရလိမ့်မယ်”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန တာဝန်ခံက ပြောသည်။
ချင်းကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ချင်းပြည်နယ်သို့ အင်အား ဖြည့်တင်းရန်နှင့် လက်နက်ရိက္ခာ တင်ပို့နိုင်ရန် အန္တရာယ် ကြီးကြီးမားမား ကြုံနေရပြီး နောက်ပိုင်းတွင် အရပ်ဝတ်များဖြင့် ခရီးသည် ယာဉ်များနှင့်အတူလိုက်ပါကာ ချင်းပြည်နယ်ထဲသို့ အင်အား ဖြည့်တင်းမှုများ ဆောင်ရွက် လာကြောင်း သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ခရီးသည်ယာဉ်များနှင့်အတူ လိုက်ပါ၍ အင်အား ဖြည့်တင်းမှုများကြောင့် ချင်းပြည်နယ်အတွင်းသို့ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းနှင့် ဒေသခံပြည်သူများမှအပ ပြည်ပခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း ချင်းအမျိုးသား တပ်မတော်က ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ချင်းအမျိုးသား တပ်မတော်၏ ထုတ်ပြန်ချက်အပေါ် ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကလည်း ကြိုဆိုလက်ခံကြပြီး ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိပါက ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဆိုသည်။
“လုံခြုံရေး အတွက်ရော ပြည်သူတွေအတွက်ပါ အရမ်း(အလွန်) အန္တရာယ်ရှိတဲ့ အတွက် ကြောင့် NGO/INGO တွေလည်း ကျွန်တော်တို့ ရဲ့ ခွင့်ပြုချက်မရှိရင် အဝင်အထွက် (လုံးဝ) မရတော့ဘူး။ မတူပီမြို့နယ် အတွင်းမှာ ဘယ်အဖွဲ့အစည်းမဆို ကြိုက်သလို ဝင်ထွက်လို့ ရမှာ မဟုတ်တော့ဘူး” ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း နိုင်ဂျွန်ကိမ်းက ပြောကြားသည်။
#အကျယ်ချုပ်ကျခံနေရသော Non-CDMများ
စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေကြသော Non-CDM များ၏ လစာများကို စစ်ကောင်စီက တစ်လတစ်ကြိမ် ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးကြောင်းလည်း Non-CDM များ၏ ပြောကြားချက်အရ သိရသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်ရှိ မြို့များပေါ်တွင် အခြေစိုက်နေသော တပ်စခန်းများ အပါအဝင် ၎င်းလက် အောက်ခံ ဌာနဆိုင်ရာများတွင် တာဝန် ထမ်ဆောင်နေကြသော Non-CDM များ၏ နေရာအပြောင်းအရွှေ့များကိုလည်း ရဟတ်ယာဉ်ဖြင့်သာ ပြုလုပ်နေရပြီး Non-CDM များသည် မြို့တွင်းမှ မြို့ပြင်သို့ မထွက်နိုင်ဘဲ အကျယ်ချုပ် ကျခံနေရသူများပမာ ထောင်နှင့်တူသည့် မြို့ပေါ်တွင်စိုးရိမ် ထိတ်လန့်စွာ နေထိုင်နေရကြောင်း သိရသည်။
#မတိုက်ရမနေနိုင်သူများနှင့်ပုံမှန်လည်ပတ်နေသည့်အုပ်ချုပ်ရေးယန္တယား
“နယ်မြေထိန်းချုပ်မှု အပိုင်းမှာတော့ မြို့ပတ်လမ်းကိုတောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မလာရဲကြဘူး။ သူတို့ မြို့ပတ်လမ်းကို ရောက်လာရင် တိုက်ပွဲက ဖြစ်တာပဲ။ မြို့တွင်း ကလွဲ၍ အားလုံးကို ကျွန်တော်တို့ ထိန်းချုပ်နိုင်တယ်။ တိုက်ပွဲနှစ်လ၊ သုံးလလောက် မဆင်နွှဲဘူးဆိုရင် ကိုယ့်လိပ်ပြာ ကိုယ်မလုံသလို ခံစားကြရတယ်။ ဒါကြောင့် စစ်ကောင်စီတပ်က စစ်ကြောင်း မထိုးလာရင် မြို့ထဲက စစ်ကောင်စီတပ် အထိုင်စခန်းတွေကို ဝင်ဝင်ပစ်ရတယ်။ ကျွန်တော်တို့က ပြည်သူကျွေးတဲ့ ထမင်းစားရတဲ့ အတွက် ပြည်သူ အတွက် တိုက်ပွဲဝင်ရမယ်လို့ ကျွန်တော်တို့ ရဲဘော်တွေက သံန္နိဌာန် ချပြီးသားပါ။ ကန်ပက်လက်ကတော့ မြို့တွင်းမှာလည်း ပုံမှန်လိုလိုပဲ တိုက်ပွဲ ဆင်နွှဲနေတာတွေလည်း ရှိနေပါပြီ”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့(ကန်ပက်လက်) စစ်ဦးချုပ်က ပြောကြားသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ကို အပြင်းထန်ဆုံး ခုခံ တော်လှန်နေသည့်အပြင် မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့များကို အသီးသီးဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေး၊ တရားရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလည်း ပုံမှန်လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“မြို့ပေါ်ကလွဲရင် ကျန်တဲ့ဒေသကျေးရွာ အားလုံးက ချင်းအမျိုးသား အဖွဲ့ချုပ် (CNO)ရဲ့ တရားစီရင်ရေး အောက်မှာ သူတို့ ကိုယ်တိုင်က လိုလိုလားလားနဲ့ တိုင်စာတွေ ရောက်လာတယ်။ ဒါကြောင့် ဖလမ်းမြို့ပေါ်ကလွဲ၍ ကျန်တဲ့ နေရာအားလုံးကို ကျွန်တော် တို့ ထိန်းချုပ်မှုအောက် ရှိတယ်လို့ ပြောလို့ရတယ်”ဟု CNO တရားရေးဌာန (CNO-Judiciary Deparment) အတွင်းရေးမှူး ဆလိုင်းဗန်ဆွီးဆန်က ပြောပြသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တွင် ပြည်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်မှုတို့ကို အစဉ်တစိုက် လုပ်ဆောင်နေခြင်းကြောင့် ချင်းပြည်သူများ၏ ရင်ထဲတွင် စစ်ကောင်စီမုန်းတီးမှုသည် ထိပ်ဆုံးသို့ရောက်နေပြီ ဖြစ်သည်ဟုလည်း ဆိုသည်။
စစ်ကောင်စီ၏ နယ်စပ် တပ်စခန်းများထဲတွင် ထန်တလန်မြို့ရှိ တပ်ကုန်းတစ်ခုသာ ကျန်ရှိနေပြီး စစ်ကောင်စီတပ်သည် ၎င်းတပ်စခန်းကို လက်လွှတ်ရမည်စိုး၍ ထန်တလန်မြို့ကို နေ့စဉ်ရက်ဆက် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
#စစ်ကောင်စီတပ်ကဖျက်ဆီးခဲ့တဲ့ထန်တလန်မြို့
ထန်တလန်မြို့သည် အိမ်ခြေ ၂၃၅၀ ရှိကာ လူဦးရေ တစ်သောင်း(၁၀,၀၀၀)ကျော် နေထိုင်သည့်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ မြို့ကို အကြိမ်ရေ ၃၀ ထက်မနည်း မီးရှို့ဖျက်ဆီးမှုကြောင့် မြို့လုံးကျွတ်နီးပါး ပျက်စီး ခဲ့ရသည်။
လက်ရှိအချိန်ထိ ထန်တလန်မြို့ပေါ်တွင် လူနေထိုင်မှုမရှိတော့ဘဲ နီးစပ်ရာ ကျေးရွာ ဒေသများနှင့် အခြားဒေသများသို့ ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က မိုးရာသီ စစ်ဆင်ရေး အတွက် ကလေးမြို့မှဟားခါးမြို့သို့ လက်နက်ရိက္ခာ တင်ပို့လာသော စစ်ကောင်စီ၏ သံချပ်ကာ ယာဉ် ၂ စီးအပါအဝင် ကုန်တင်ယာဉ် အစီး ၃၀ ကို ချင်းအမျိုးသား တပ်မတော်နှင့် ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ဟားခါးမြို့ မရောက်ခင် ၆ မိုင် အလိုတွင် အားလုံးကို ဖျက်ဆီး ပစ်နိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့လည်း စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် ယခုလို အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တာပါ”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံတစ်ဦးက ဆိုသည်။
#စစ်ကောင်စီတပ်အရှက်ရစေသည့်ဇိန်မှုစစ်ဆင်ရေး
ထို့ပြင် ဂန်ဂေါမြို့မှ ဟားခါးမြို့သို့ ခြေလျင်ခရီးဖြင့် တက်လာသော တပ်မ (၇၇) စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချင်းအမျိုးသား တပ်မတော်နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့တို့က အကြိမ်ကြိမ်ကြားဖြတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး နှစ်ပတ်ကျော်အထိ ဟားခါးမြို့သို့ မရောက်နိုင်၍ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို ဟားခါး-ဖလမ်းကြားရှိ ဇိန်မှုတောင်ကို အမှီပြု၍ “ဇိန်မှုစစ်ဆင်ရေး” ဟု အမည်ပေးထားပြီး ၎င်းစစ်ဆင်ရေးသည် စစ်ကောင်စီကို နိုင်ငံ တကာတွင် အရှက်ရစေရုံမက ချင်းကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ရည်၊ ခိုက်ရည်ကို ထင်ဟပ်စေသော စစ်ဆင်ရေးလည်း ဖြစ်ကြောင်း ချင်းနိုင်ငံရေး လေ့လာ သုံးသပ်သူ များက မှတ်ချက်ပေးခဲ့ကြသည်။
ချင်းအမျိုးသား တပ်မတော် (CNA) သည် ယခုတော်လှန်ရေးကာလတွင် ယခင်ထက် လက်နက်၊ အင်အားပိုင်းတွင် ပိုမိုတောင့်တင်းလာခဲ့ပြီးဖြစ်သည်။
ထို့အတူ ချင်းကာကွယ်ရေး တပ်ဖွဲ့ ဝင်များလည်း တူမီးမှ ရိုင်ဖယ်သို့ပြောင်းလဲ အသုံးပြုလာနိုင်ခဲ့ပြီး အတွေ့အကြုံ ပိုမိုရင့်ကျက်လာသည့်အပြင် တပ်ဖွဲ့စည်းမှုများလည်း ကျစ်ကျစ်လျစ်လျစ် ခိုင်ခိုင်မာမာဖြင့် ဖွဲ့စည်း ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသကာ ကွယ်ရေး တပ်ဖွဲ့များက ဆိုသည်။
စစ်ကောင်စီကို ကြံ့ကြံ့ခံကာ ခုခံတော်လှန်နေသည့် ချင်းကာကွယ်ရေး တပ်ဖွဲ့များသည် ပြည်တွင်း၊ ပြည်ပရှိ ချင်းတိုင်းရင်းသားများ အပါအဝင် အခြားအလှူရှင်များ၏ ကူညီ ထောက်ပံ့မှုဖြင့် ခက်ခက်ခဲခဲ ရပ်တည်နေကြရပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်နိုင်ရန် ယခုထက်ပိုမို ထောက်ပံ့ပေးကြရန် လိုအပ်လျက်ရှိနေသည်။
လမ်းပန်းဆက်သွယ်ရေး အပြင် ငွေကြေး မလုံလောက်ခြင်းတို့ကြောင့် စစ်ရေးအတွက် လိုအပ်သော လက်နက်ခဲယမ်း ဝယ်ယူနိုင်ရန် အခက်ကြုံနေကြရပြီး လုံလောက်သော လက်နက်ခဲယမ်း ပမာဏရရှိပါက ယခုထက်ပိုသည့် အောင်မြင်မှု ကြီးကြီးမားမား ရရှိလာမည် ဖြစ်ကြောင်း စစ်ကောင်စီတပ်ကို အပြင်းထန်ဆုံး ခုခံတော်လှန်နေသည့် ချင်းတောင်တန်းပေါ်က တော်လှန်ရေးတပ်သားများက ဆိုသည်။
#သတင်းဆောင်းပါး #ချင်းတောင်တန်း #စစ်ကောင်စီတပ် #အပြင်းထန်ဆုံးခုခံတော်လှန် #တော်လှန်ရေးတပ်သားများ #Ayeyarwaddy_Times