
နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ. ၁၂ရက်
မန္တလေးတိုင်း မတ္တရာမြို့နယ် မော်နီကုန်းကျေးရွာရှိ မော်နီကုန်း ဘုန်ကြီးကျောင်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က. အမည်မသိသည့် လူတစ်စုမှ ဓားပြဝင်တိုက်၍ ကျောင်းထိုင်သံဃာတော်ကို သတ်ဖြတ်သွားကြောင်း ဒေသခံများ ထံက သိရသည်။
“ဘုန်းကြီးကို ဓားနဲ့ ခုတ်သတ်သွားတာ သုံးပိုင်းပိုင်းထားတယ်။ ဘုန်းကြီးဆီက ငွေသိန်း ၂၀၀ ကျော်နဲ့ လက်ကိုင်ဖုန်းတစ်လုံးပါယူသွားတယ်။ ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတွေစိုးရိမ်နေတဲ့အချိန်မှာ ဘုန်းကြီးကျောင်းကို ဓားပြဝင်တိုက်ပြီး ဘုန်းကြီးကိုသတ်သွားတာ” ဟု အသက် ၃၀ ရှိ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မော်နီကုန်း ကျေးရွာတွင် အိမ်ခြေ ၆၀၀ ရှိပြီး သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ၍ ဒေသခံများအားလုံး ဘေးလွတ်ရာသို့ ကိုထွက်ပြေးနေကြရပြီး မော်နီကုန်းရွာတွင် စစ်ကောင်စီတပ်များသာ ကျန်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်း ထိုးခြင်းများ ပြုလုပ်နေ၍ ဒေသခံများ စိုရွံ့ ကြောက်လန့်စွာ နေထိုင်နေကြရပြီး မော်နီကုန်းကျေးရွာတွင်မူ ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးနေကြရကြောင်း စစ်ဘေးရှောင်နေသည့် ဒေသခံများထံကသိရသည်။
ဓာတ်ပုံ-အသတ်ခံရသည့်ကျောင်းထိုင်ဆရာတော် (ပေးပို့)
#မန္တလေးတိုင်း #မတ္တရာမြို့နယ် #မော်နီကုန်းကျေးရွာဘုန်းကြီးကျောင်း #ဓားပြတိုက်ခံရ #ကျောင်းထိုင်ဘုန်းကြီးသတ်ဖြတ် #Ayeyarwaddy_Times