နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၂ ရက်

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မွန်၊ ကရင်၊ ပဲခူး၊ ချင်းနှင့် ရန်ကုန်အပါအဝင် နေရာဒေသအများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့်အတူ ဧရာဝတီတိုင်းသို့ သွားရောက်၍ ဘုရားဖူး စည်းရုံးရေးဆင်းနေကြောင်းကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်သည် ဇနီးဖြစ်သူနှင့်အတူ ယမန်နေ့ ဩဂုတ်လ ၁၁ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်သို့ သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်စဉ် စစ်ခေါင်းဆောင်က အာဏာခြောက်လ သက်တမ်းတိုး ကာလအတွင်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ကျရာအခန်းကဏ္ဍက ပါဝင် ရမည်ဖြစ်ကြောင်း ၎င်း၏ လက်အောက်ခံ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံပြောဆိုခဲ့သည်။

နိုင်ငံတဝန်းလုံးတွင် စစ်ရေးအရှိန်တိုးမြှင့်ထားသည့် စစ်ခေါင်းဆောင်က တပ်မတော်ကို စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ၎င်းတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသလို တပ်မတော်၏ စွမ်းပကားမြှင့်တင် ရန်အတွက်လည်း တပ်ဖွဲ့ဝင်တစ်ဦးချင်း၏ စွမ်းရည်မြင့်မားစေ ရေး လေ့ကျင့်ရေးတာဝန်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဦးချင်းစွမ်းရည်များရှိစေရေး အမြဲလေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း ဆိုသည်။

ထို့အပြင် ယင်းနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းအတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် ပုသိမ်မြို့ရှိ မြို့မိမြို့ဖများ နှင့် တွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားသည်။

ထို့သို့တွေ့ဆုံစဉ် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧရာဝတီတိုင်းသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးမှ အစပြု၍ ဘက်ပေါင်းစုံတွင် ကောင်းမွန်သည့် အခြေအနေတွင်ရှိနေသည်ဟု ပြောဆိုခဲ့ပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်အောင် ရပ်တည်နိုင်နေခြင်းသည် သက်ဆိုင်ရာအဆင့်ဆင့်၏ ကောင်းမွန်သည့်လုပ်ဆောင်ချက်များနှင့် ဒေသခံပြည်သူ လူထုတို့၏ ဝိုင်းဝန်းပူးပေါင်း ပါဝင်မှုကြောင့်ဖြစ်သည်ဟု စည်းရုံး ပြောဆိုခဲ့ပြန်သည်။

ထို့နောက် စစ်ခေါင်းဆောင်သည် ဇနီးဖြစ်သူနှင့်အတူ ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်သို့ သွားရောက်ဖူးမြော်ခဲ့သည်။

စစ်ခေါင်းဆောင်သည် ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကိုသွားရောက်၍ ဧရာဝတီတိုင်းသည် ဘက်ပေါင်းစုံ ကောင်းမွန်ပြီး ကျေနပ်ဖွယ်ရာကောင်း၍ အားကိုးအားထားရကြောင်း ပြောကြားခဲ့ကာ ၎င်းပြန်သွားပြီးနောက်ပိုင်း ပုသိမ်မြို့တွင် ခိုးမှု၊ လုယက်မှုများ ပိုမိုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ

#မြန်မာနိုင်ငံရေကြီးရေလျှံ #ဧရာဝတီတိုင်း #စစ်ခေါင်းဆောင်နှင့်ဇနီး #ဘုရားဖူးစည်းရုံးရေးဆင်း #Ayeyarwaddy_Times