#Breaking News

 

ဧရာဝတီတိုင်းမ်

(ဖလမ်း)၊ ဩဂုတ် ၁၂ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံအမျိုးသမီးလေး ဦးနှင့် အမျိုးသား သုံး ဦး စုစုပေါင်း ခုနှစ် ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(CNDF)ထံမှ သိရသည်။

“အဲ့ဒီ ရမ်ထလိုကျေးရွာအနားမှာတော့ တိုက်ပွဲဖြစ်ပွားတာတွေ ဘာမှမရှိဘူး။ ဒီဟာက အကြောင်းမဲ့သက်သက် ပစ်တဲ့ ပုံစံမျိုးပဲ။ ဒီနေ့ မနက်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်တာပါ”ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်ထလိုကျေးရွာရှိ ရမ်ထလိုဘုရားကျောင်းလည်း ပျက်စီးသွားကြောင်းသိရပြီး ဖလမ်းမြို့၊ အခြေစိုက် ခလရ ၂၆၈ စစ်ကောင်စီတပ်ရင်းကလည်း လက်နက်ကြီးများရမ်းသမ်းပစ် ခတ်လျှက်ရှိကြောင်းသိရသည်။

ဖလမ်းမြို့၊ အခြေစိုက် ခလရ ၂၆၈ စစ်ကောင်စီတပ်ရင်း၏ ဆွန်တလာကျေးရွာတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး အပါအဝင် ဒေသခံမိသားစုဝင် သုံး ဦး(မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့သည်။

“ ရမ်းသမ်းပစ်တဲ့ ပုံစံမျိုးပေါ့။ အခုထိလည်း လက်နက်ကြီး ၁၂၀ မမတွေနဲ့ ပစ်နေတုန်းပဲ။ မနက်ကတည်းက မနားသေးဘူး။ အခုထိ ပစ်နေတယ်။ ရမ်းသမ်းပစ်တယ်ဆိုပေမယ့် ရွာထဲကို တမင်တကာ ပစ်တာလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားတွေ ကြောက်အောင်လို့ ပစ်တာလည်း ဖြစ်နိုင်တယ်ပေါ့နော်” ဟု ဆလိုင်းကျုံးငိုင်းက ဆက်လက်ပြောဆိုသည်။

ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ စစ်ကောင်စီတပ်ရင်းကို ယနေ့၊ နံနက်ပိုင်းတွင် ချင်းအမျိုးသားတပ်မတော်(CAN)က သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ်မသိရသေးကြောင်းသိရသည်။

ဓာတ်ပုံ-လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူဒေသခံနှင့် ပျက်စီးသွားသော ရမ်ထလိုကျေးရွာ

#ချင်းပြည်နယ် #လမ်းမြို့နယ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ဒေသခံ ၇ ဦး #ထိခိုက်ဒဏ်ရာရရှိ

#Ayeyarwaddy_Times