နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၁၂ ရက်

ရာဇဝတ်မှုနှင့် ဆက်စပ်နေသည့် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ် မြို့သစ်စီမံကိန်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်တချို့ ပါဝင် ပတ်သက်မှုရှိ/မရှိ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်း၍စစ်ဆေးနေပြီး နောက်ဆုံး ကောက်ချက်ချနိုင်သော အဆင့်အထိ မရောက်သေးကြောင်း KNU ခေါင်းဆောင်များက ပြောကြားသည်။

KNU အဖွဲ့ဝင်တချို့သည် လောင်းကစားကိစ္စနှင့် ပတ်သက်သည်ဆိုသည့် စွပ်စွဲ ပြစ်တင်ထားသော အချက်အလက်များကို လက်ခံရရှိထားပြီး များသောအားဖြင့် သတင်းဌာနများ၏ ရေးသားချက်များအပေါ်တွင် မူတည်ကာ တင်ပြလာခြင်း ဖြစ်သည်။

ထို့ကြောင့် KNU အနေဖြင့်လည်း လိုအပ်သည့် အချက်အလက်များကို ရှာဖွေနိုင်ရန် အတွက်ဆောင်ရွက်နေကြောင်း ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် (၁၇)ကြိမ်မြောက် ကွန်ဂရက်အပြီး ပထမဦးဆုံးသော သတင်းစာရှင်းလင်းပွဲတွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

“ပထမဦးဆုံးကျင်းပတဲ့ ဗဟိုကော်မတီမှာ ကွန်ကရက်ဆုံးဖြတ်ချက်အရ ဒါတွေကို ရှာဖွေစစ်ဆေးပြီးတော့ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် တက်လာမယ့် ဗဟိုကော်မတီ အသစ်ကနေ တာဝန်ယူရမှာ ဖြစ်တဲ့အတွက်ကြောင့် ဗဟိုကော်မတီ အစည်းအဝေး ပထမအကြိမ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကျွန်တော်တို့ ဖွဲ့စည်းခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလို ဆောင်ရွက်တဲ့အခါမှာ အချိန်ကာလကလည်း နည်းတယ်။ တိုတောင်းတဲ့အချိန်မှာ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းပြီးတော့ စတင်ဆောင်ရွက်မှုတော့ လုပ်နေပါပြီ။ ဆိုတဲ့သဘောက ကျွန်တော်တို့ နောက်ဆုံးကောက်ချက်ချနိုင်တဲ့ အဆင့်အထိတော့ မရောက်သေးဘူးလို့ ပြောလို့ရပါတယ်” ဟု KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ခရိုင် ခုနစ်ခုမှ အဖွဲ့ဝင် တစ်ဦးချင်းစီပါသော ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းကော်မတီသည် တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ဗဟိုအမြဲတမ်းကော်မတီကို ရှာဖွေတွေ့ရှိချက်များအား အစီရင်ခံရမည်ဖြစ်ကာ အရေးကြီးလျှင်ကြီးသလို ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ဆုံးဖြတ်ချက်ချနိုင်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး ထံကသိရသည်။

“ဒီအဖွဲ့ရဲ့ တာဝန်တွေကတော့ KNU ခေါင်းဆောင်တွေက ဒုစရိုက်လုပ်ငန်း လုပ်ဆောင်နေတဲ့ တရုတ်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ခြင်းရှိမရှိ စုံစမ်းဖို့ဖြစ်တယ်။ နောက်ပြီးတော့ ဒီခေါင်းဆောင်တွေက KNU ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်မှု ရှိမရှိ ဆိုတာကို စစ်ဆေးဖို့ဖြစ်တယ်။ တွေ့ရှိတဲ့အချက်တွေကို ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို ပြန်လည်တင်ပြ အစီရင်ခံရမှာ ဖြစ်တယ်။ စည်းမျဉ်းစည်းကမ်း ချိုးဖောက်တာ တွေ့ရမယ်ဆိုရင် သက်ဆိုင်ရာတွေ့ရှိချက် အမျိုးအစားပေါ်မှာ မူတည် ပြီးတော့ KNU ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေများအရသော်လည်းကောင်း၊ KNU ရဲ့ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်များ အားဖြင့်သော်လည်းကောင်း၊ KNU ဗဟို အမြဲတမ်းကော်မတီ ဆုံးဖြတ်ချက်များနဲ့သော်လည်းကောင်း အရေးယူ ဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမှူးက ပြောသည်။

KNU ၏မူနှင့် ဆန့်ကျင်လုပ်ဆောင်နေသည့် (သို့မဟုတ်) နိုင်ငံတကာဥပဒေကို ချိုးဖောက်နေသည့် KNU ထိပ်ပိုင်းခေါင်းဆောင်များအား အရေးယူမှုမရှိသည့်အတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင် လူ့အဖွဲ့အစည်း ၆၈ ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက် နေ့စွဲဖြင့် KNU အထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူထားသည့် အိပ်ဖွင့်ပေးစာတွင် တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မောထိုတလေးနယ်မြေတွင် ပြုလုပ်ခဲ့သည့် (တရုတ်မြို့သစ်/ လောင်းကစား နယ်မြေဟု လူသိများသော) စီမံကိန်းဖွင့်ပွဲ အခမ်းအနားတစ်ခုတွင် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ်၊ ကာကွယ်ရေးဌာန၏ ဌာနမှူးတစ်ဦးလည်းဖြစ်သည့် ပဒိုစောရောဂျာခင်ကိုယ်တိုင် ပါဝင်တက်ရောက်သည်ဟု သတင်းဓာတ်ပုံများ ထွက်ရှိခဲ့ကြောင်းနှင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ KNU မှ အရေးယူဆောင်ရွက်ခြင်းနှင့် လူထုအား အသိပေးချပြခြင်း တစ်စုံတစ်ရာမရှိကြောင်း ယင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အလားတူ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်က ထိုင်းနိုင်ငံအခြေစိုက် Thai BPS သတင်းဌာန၏ ဖော်ပြချက်အရ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းနှင့်နီးသည့် နောက်ထပ်စီမံကိန်း တစ်ခုဖြစ်သော ဟွမ်ယာမြို့သစ်စီမံကိန်း ကို ပဒိုစောရောဂျာခင်မှ ခွင့်ပြုချက်ပေးခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုအချိန်အထိ KNU တာဝန်ရှိခေါင်းဆောင်များမှ အရေးယူဆောင်ရွက်ခြင်း တစ်စုံတစ်ရာမရှိသည်ကိုလည်း ထပ်မံတွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။

ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာပါ အကြောင်းအရာနှင့် ပတ်သက်၍ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ၎င်းတို့၏ တော်လှန်ရေးလမ်းစဉ်၊ လုပ်ငန်းစဉ်ကို လက်ခံယုံကြည်သည့် ကရင်လူမှုအဖွဲ့အစည်းများ အပါအဝင် ပြည်တွင်းပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးကို KNU ၏ အင်အားများအဖြစ်လည်း မှတ်ယူထားပြီး ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်က ထုတ်ပြန်ပြောဆိုခဲ့သည်။

KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင်ကမူ မယ်ထောသလေး စီမံကိန်းတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းကို ပြီးခဲ့သည့် မတ်လ ၁၂ ရက် နေ့ကမူ ရှင်းလင်း ပြောဆိုထား သည်။

KNU အထွေထွေအတွင်းရေးမှူး၏ သဘောထား ပြန်ကြားချက်တွင် အချက် ၅ ချက်ပါဝင်ပြီး KNU အဖွဲ့ဝင်များ၏ စည်းကမ်းချိုးဖောက်မှုများနှင့် ပတ်သက်၍လည်း ၎င်းတို့ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပိုဒ်(၂၀)တွင် ဖော်ပြထားသည့် အပြစ် ပေးအရေးယူခြင်းပုဒ်မအရ အရေးယူဆောင်ရွက်ရမည်ဖြစ်သည်ဟု ဖော်ပြပါရှိ သည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၆ ရက်က သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး KNU သည် ဤသို့သော စီမံကိန်းမျိုးများနှင့် မည်သို့မျှ ပါဝင်ပတ်သက်ခြင်းများ မရှိသလို၊ အခြားသော မည်သည့်တရားမဝင် လောင်းကစားလုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် အခြားသော ရာဇဝတ်မှုများနှင့် မကင်းသည့်လုပ်ငန်းများ ကရင်ပြည်နယ်အတွင်း လုပ်ဆောင်ခြင်းကို လက်မခံကြောင်း အတိအလင်း တရားဝင်ထုတ်ပြန် ကြေညာသည်ဟု ဆိုထားသည်။

ပုံစာ – KNU ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး

#ဒုစရိုက်လုပ်ငန်းများ #KNUခေါင်းဆောင်အချို့ #ပါဝင်ပတ်သက်မှုရှိမရှိ #စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စစ်ဆေး #Ayeyarwaddy_Times