ဧရာဝတီတိုင်းမ်
(ကနီ)၊ ဩဂုတ်လ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကနီမြို့ပေါ်မှ ရှမ်းမြောင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကနီမြို့မရဲစခန်းကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၁၀ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများအတွင်းတပ်သား ၁၀ ဦးနှင့် အထက် ထိခိုက်သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDFထံက သိရသည်။

ကနီမြို့ပေါ်မှ ရှမ်းမြောင်းကျေးရွာဘက်ကို စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးလာသည့် အင်အား ၆၀ ဝန်းကျင်ပါစစ်ကြောင်းကို စတင်တိုက်ခိုက်ခဲ့ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကနီမြို့ပေါ်ကိုပြန်ဆုတ်သွားသည့် တပ်များကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲအကြောင်းပြောရမယ်ဆိုရင် ပထမဆုံးစစ်ကောင်စီထောက်ပို့သင်္ဘော ၁၂ စီးက ကနီမြို့ကို ညအိပ်ရောက်ရှိလာတယ်။ ထောက်ပို့သင်္ဘောတွေက ချင်းတွင်းမြစ်တစ်လျှောက်မှာ သူတို့စခန်းတွေကိုရိက္ခာဝင်ဝင်ပို့သွားတာ။ အဲ့ကစစ်ကြောင်းက ညအိပ်ပြီး ရှမ်းမြောင်းရွာဘက်ကိုထွက်လာတာ။ ကနီရဲစခန်းကို ဒရုန်းနဲ့ကြဲတာမှာ ဒရုန်းပစ်လက်နက်နဲ့ ပစ်ခံရလို့ ဒရုန်းနှစ်ဆင်းဆုံးရှုံးခဲ့ရတယ်” ဟု KLG PDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထပ်မံ၍ ကနီမြို့ပေါ်ရှိအဆိုပါစစ်ကြောင်းမှာ အလယ်ကျွန်းပျူရွာသို့ ရိက္ခာပို့ရန်ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းများ၊ လက်နက်ငယ်များဖြင့်တစ်ကြိမ်၊ အလယ်ကျွန်းပျူရွာတွင် အင်အားဖြည့်ပြီး ရှမ်းမြောင်းရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၁၀ ဦးဝန်းကျင်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

“ရှမ်းမြောင်းရွာဘက်ကို စစ်ကြောင်းရောက်လာတဲ့အချိန် စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အချိန်အတွင်းမှာ စစ်ကောင်စီဘက်ကပစ်လိုက်တဲ့လက်နက်ကြီးထိပြီး ကျွန်တော်တို့ရဲ့တပ်ခွဲမှူးကိုနိုင်ဝင်း ကျဆုံးခဲ့ရတယ်။” ဟု အဆိုပါတာဝန်ရှိသူကဆက်လက်ပြောသည်။

အဆိုပါ တိုက်ပွဲများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF(ကျောက်လုံးကြီး)အဖွဲ့ နှင့် ပြည်ထောင်စု လွတ်မြောက်ရေး တပ်ဦး (ULF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – KLG PDF

#ကနီ #စစ်ကြောင်းထိုး #ရှမ်းမြောင်း #တိုက်ပွဲ #KLG #Ayeyarwaddy_Times