ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဩဂုတ်လ ၁၂ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ရဲစခန်းကို ဩဂုတ်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က ရိုးမစစ်‌ကြောင်း ၁ ၊ တပ်ခွဲ ၃၊ အာဠာဝကစစ်ကြောင်းနှင့် ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းမှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရဲတပ်သား ၂၀ ဝန်းကျင်ရှိစစ်ကောင်စီလက်အောက်ခံရဲစခန်းကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“အခုရဲစခန်းပစ်တာက ဖြူးနားမှာကပ်နေပြီ။ မနေ့ကတော့ ဖြူးမှာစစ်ကောင်စီက တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ အမြန်လမ်းကအင်အားတွေ ထုတ်နှုတ်ပြီးဝင်ကာနေရတယ်။ ဖြူးကိုPDFတွေလာသိမ်းမယ်ဆိုပြီး သတင်းတွေ ထွက်နေလို့” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့သည့်ရဲတပ်သားများကို ဖြူးမြို့နယ်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရပြီး စစ်ကောင်စီတပ်သားများသည် ညောင်ပင်သာအထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားကြောင်းလည်း သိရသည်။

ဖြူးမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့ကလည်း ကြာအင်းရွာကို စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံ ၇ ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ဓာတ်ပုံ – အင်တာနက်။

#ဖြူး #ညောင်ပင်သာရဲစခန်း #ပစ်ခတ်ခံရ #ရဲတပ်သား #သေဆုံး #Ayeyarwaddy_Times