
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ရက်
လက်ရှိဖြစ်ပေါ်နေသည့် စားသုံးဆီစျေးနှုန်း မတည်ငြိမ်မှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိ အကြော်စုံလုပ်ငန်းများ ယခုသြဂုတ်လ ပထမအပတ်မှစတင်ကာ ရပ်နားမှုများရှိနေကြောင်း ဒေသခံ အကြော်လုပ်ငန်း လုပ်ကိုင်သူများ ထံကသိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်ကစတင်ကာ စားအုန်းဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဝန်းကျင် ဟု စစ်ကောင်စီမှ သတ်မှတ်ရောင်းချခိုင်းထားသော်လည်း စားအုန်းဆီတစ်ပိဿာ လျှင် ၉၀၀၀ကျပ် စျေးပေါက်နေသည်။
ယင်းသို့ စားအုန်းဆီ စျေးနှုန်းမြင့်တက်မှုနှင့် ငွေအရင်းအနှီးမတတ်နိုင်မှုကြောင့် ညောင်တုန်းမြို့နယ်၌အသေးစား အကြော်စုံလုပ်ငန်း ဆယ်ခုထက်မနည်း ယာယီရပ်နားခဲ့ရကြောင်းညောင်တုန်းမြို့ခံ အကြော်စုံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
” လုပ်ငန်းခဏရပ်ထားတယ်။ အဓိက စားအုံးဆီ စျေးမငြိမ်တာကြောင့်ပေါ့။ နောက်ပြီးငွေအရင်းအနှီးလည်း မတတ်နိုင်တော့ဘူး။ ဆီစျေးပြန်ကျမှပဲ လုပ်ငန်းတွေပြန်လုပ်နိုင်တော့မယ်” ဟု အကြော်စုံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ကပြောသည်။
ထိုသို့စားသုံးဆီစျေးနှုန်းကြီးမြင့်မှုအပေါ် ကာမိစေရန် ရန်ကုန်တိုင်းရှိ အကြော်စုံ စက်ရုံလုပ်ငန်းများ စက်ရုံအကျ အကြော်ဆီ တစ်ပိဿာ လျှင် ငွေကျပ် တစ်သောင်း ကျပ်အထိပေးဝယ်နေရသည့်အတွက် လုပ်ငန်း များလည်ပတ်ရန် အခက်အခဲများဖြစ်ပေါ်နေရကြောင်း ဇလွန်မြို့ရှိ တပိုင်တနိုင် အကြော်စုံ လုပ်ငန်းလုပ်ကိုင်သူများ ထံကသိရသည်။
” အခုစားအုန်းဆီစျေးက မငြိမ်တော့ အကြော်စက်ရုံတွေနေရတဲ့ အကျဆီကိုပြန်ဝယ်သုံးနေရတယ်။ စျေးကတော့ မှောင်ခိုပုံစံဖြစ်တဲ့အတွက် တပိဿာကို တစ်သောင်း လောက် စျေးပေါက်နေတာ ဆိုတော့ မတတ်နိုင်ဘူးဖြစ်နေတယ်။ တချို့ကတော့တတ်နိုင်သလိုဝယ်ကြတယ်။ ကျွန်တော်တို့ကတော့ မဝယ်နိုင်တော့ အလုပ်ရပ်ထားရတယ်။ အကြော်စုံလုပ်ငန်းအကြီးတွေပဲ လုပ်နိုင်တဲ့သဘောဖြစ်နေတယ်” ဟု ဇလွန်မြို့ရှိ တပိုင်တနိုင်ငှက်ပျောကြော် လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးကဆိုသည်။
ဧရာဝတီတိုင်းအတွင်း၌ အာလူးကြော် ၊ငါးမုန့်ကြော်၊ငှက်ပျောကြော်၊မရွေးစသည့်ဖြင့် မုန့်အကြော်စုံလုပ်ငန်း နှင့် ပဲမျိုးစုံ အကြော်စုံလုပ်ငန်း စသည်တို့ကို ညောင်တုန်း၊ပန်းတနော်၊မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ဇလွန် နှင့် ပုသိမ်စသည့်မြို့နယ် တို့၌အများဆုံးလုပ်ကိုင်နေကြသည်။
ဓာတ်ပုံ-မော်လမြိုင်ကျွန်းမြို့ရှိလဘက်အကြော်စုံလုပ်ငန်းတစ်ခုကိုစစ်ကောင်စီလက်အောက်ခံDOCA အဖွဲ့မှစစ်ဆေးနေစဥ်။
#စားသုံးဆီစျေးမတည်ငြိမ်မှု #ဧရာဝတီတိုင်း #တပိုင်တနိုင် #အကြော်လုပ်ငန်းများရပ်နားထား
#Ayeyarwaddy_Times