
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ရက်
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် လွန်ခဲ့သည့် တစ်နှစ်နီးပါးက ဖြစ်ပွားခဲ့သည့် ကျပ်သိန်းထောင်ချီ လိမ်လည်မှု တစ်ခုအတွက် အမှုဖွင့်ရာတွင် ငွေကျပ် ၁၅ သိန်းခန့် ပေးမှသာ အမှုဖွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အမှုဖြစ်စဥ်မှာ ကန်ကြီးထောင့်မြို့နယ်တွင် နေထိုင်သူတစ်ဦးက အစိုးရထံမှ ဓာတ်မြေဩဇာဝယ်ယူခွင့် ရမည်ဟုဆိုကာ ပုသိမ်မြို့ မြိုင်ဟေမာရပ်ကွက်တွင် နေထိုင်သူ တစ်ဦးထံမှ ငွေကျပ် သိန်း၁၅၀၀ ကျော်ကို စရံအဖြစ်ယူခဲ့ပြီးနောက် အချိန်တစ်နှစ်နီးပါး ကြာသည့်အချိန်အထိ ပြန်မရသည့်အတွက် အမှုဖွင့်ခြင်း ဖြစ်သည်။
၂၀၂၂ခုနှစ်အောက်တိုဘာလ ၁၉ရက်နေ့က နွေစပါးစိုက်ပျိုးရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာများကို စစ်ကောင်စီထုတ်စျေးဖြင့် ဝယ်ယူခွင့်ရရှိအောင် ပြုလုပ်ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်ကာ စရံငွေအဖြစ် ငွေကျပ်သိန်း ၁၅၂၀ ကို ပေးအပ်ခဲ့သော်လည်း တစ်နှစ်နီးပါးကြာသည်အထိ ဓာတ်မြေသြဇာ ဝယ်ယူခွင့်မရသေးသည့်ကိစ္စအား လာရောက်ပြောဆို ညှိနှိုင်းခြင်း မရှိသည့်အပြင် လုံးဝတွေ့ဆုံခွင့် မရရှိသည့်အတွက် ပုသိမ်မြို့မရဲစခန်းထံ သို့အမှုဖွင့်လှစ် တိုင်တန်းထားခြင်းဖြစ်ကြောင်းသိရသည်။
” ငွေလိမ်ခံရတာ မနှစ်အောက်တိုဘာလကဆိုတော့ တစ်နှစ်နီးပါးကြာနေပြီ။ ပေးလာမလားအချိန်စောင့်ရင်းနဲ့ မလာတော့အမှုဖွင့်လိုက်ရတယ်။ ရှေ့နေနဲ့အရင်တိုင်ပင်ကြည့်တော့ ဝန်ကြီးချုပ်ဆီ စာပို့ထားဆိုလို့ ပို့ထားတာမထူးဘူး။ အဲဒါကြောင့် ပုသိမ်မြို့မ ရဲစခန်းကို အမှုသွားဖွင့်တော့ ငွေပေးမှပဲ အမှုဖွင့်ပေးတယ်။၁၅သိန်းလောက်အတောင်းခံရတယ်။ အမှုကတော့ဖွင့်ပေးလိုက်ပြီ” ဟု အဆိုပါဖြစ်စဥ်ကို သိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမှုအတွက် ငွေပေးရာတွင် နယ်ထိန်းရဲအရာရှိကို ငွေကျပ် ငါးသိန်း ပေးရပြီး အမှုစစ်အရာရှိနှင့် ရဲစခန်းမှူးအတွက် ငွေကျပ် ၁၀ သိန်းဝန်းကျင်ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။
” နယ်ထိန်းရဲအရာရှိကို အရင်ငွေပေးပြီးမှ ရဲစခန်းနဲ့ချိပ်ပြီးအမှုဖွင့်ပေးတာ။ နယ်ထိန်းကို ငါးသိန်းပေးရတယ်။ အမှုစစ်ကို သုံးသိန်းပေးလိုက်ရတယ်။ စခန်းမှူးကို ရှစ်သိန်း ပေးရတာ။ စခန်းမှူးကိုသပ်သပ် ထပ်ပေးရတာလည်းရှိခဲ့တယ်” ဟု အဆိုပါဖြစ်စဥ်ကို သိသူက ထပ်မံပြောပြသည်။
စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် နှစ် နှစ်ခွဲကျော် အတွင်း
ပုသိမ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ရဲစခန်းထံသို့ အမှုဖွင့်လှစ်တိုင်တန်းရာ၌ လာရောက်အမှုဖွင့်လှစ်သူများထံက စခန်းဖြစ်သူနှင့် အမှုစစ်ဖြစ်သူတို့မှ ငွေကြေးသိန်းချီအတင်းအကျပ်တောင်းယူပြီးမှသာ အမှုဖွင့်လှစ်ပေးနေကြောင်း ဒေသခံများက ပြောသည်။
#ကျပ်သိန်းထောင်ချီလိမ်မှု #အမှုဖွင့်ပေးရန် #ပုသိမ်မှ #ရဲအရာရှိ #ငွေကျပ်၁၅သိန်းဝန်းကျင်ပေးရ
#Ayeyarwaddy_Times