
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊သြဂုတ်လ ၁၁ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာက လက်နက်ကိုင် ဆောင်ထားသည့် ပျူစောထီးဆိုသူကို ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ပူးပေါင်းပစ်ခတ်ခဲ့ကြောင်း Daweui Defense Team -DDT တပ်ဖွဲ့ထံ က သိရသည်။
ပစ်သတ်ခံရသူသည် အသက်၂၄ နှစ်ဝန်းကျင်အရွယ် လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးအဖွဲ့ဝင် ကိုဂွမ်မိုးဆိုသူဖြစ်ပြီး ယမန်နေ့ မွန်းလွဲ ၁နာရီ၃၀ မိနစ် ခန့်က လောင်းလုံးမြို့နှင့် စမ်းလှမ်းရွာကြား လမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ရဲဘော်များက စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ(ကိုဂွမ်မိုး)က ရွာမှာ အရမ်းဆိုးတဲ့ ပျူစောထီးပေါ့။ ရွာကလူတွေကို စစ်တပ်နဲ့တိုင်ပြီး ဖမ်းခိုင်း တာလည်းသူပဲ။ သူ့မှာက သေနတ်ရှိတယ်။ သူက လောင်းလုံးက နေပြီး သူ့ရွာဖြစ်တဲ့ စမ်းလှမ်းရွာကို ပြန်လာတဲ့အချိန်လမ်းမှာ အသင့်စောင့်ကြိုပြီး ပစ်ခတ်ခဲ့ တာ”ဟု DDT မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ကိုဂွမ်မိုးသည် စစ်ကောင်စီတပ်ကပေးသည့် ပျူစောထီးသင်တန်း ဆင်းထားသူ တစ်ဦး ဖြစ်ပြီး ပစ်ခတ်ခံရချိန်တွင် လက်ထိပ် တစ် ခု၊ ဖုန်းနှင့်ပိုက်ဆံအိတ်တို့ကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း DDT က ဆိုသည်။
အဆိုပါပစ်ခတ်မှုကို Dawei Defense Team – DDT တပ်ခွဲ (၃) ၊ Guerrilla Dawei – ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ- DDT
#လောင်းလုံး #လက်နက်ကိုင်ဆောင် #ပျူစောထီးအဖွဲ့ဝင်ဆိုသူ #ပစ်သတ်ခံရ #Ayeyarwaddy_Times