ဧရာဝတီတိုင်းမ်

ဩဂုတ် ၁၁ ရက်

စင်ကာပူနိုင်ငံအခြေစိုက် UOB ဘဏ်က စစ်ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအပါအဝင် မြန်မာ‌ငွေစာရင်းများမှ နိုင်ငံခြားငွေလွှဲ လုပ်ငန်း ရပ်ဆိုင်းပြီးနောက်ပိုင်းတွင် အကယ်ဒမီရွှေဈေး ၃၆ သိန်းကျော်မြင့်တက်ခဲ့ပြီး အမေရိကန် တစ်ဒေါ်လာဈေး ကျပ် ၃၅၀၀ ကျော်ရောက်ရှိလာကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းဈေးဖွင့်ချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃,၄၆၀ မှ ၃,၅၅၀ ကြားပေါက်ဈေးရှိပြီး အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ကျပ် ၃,၆၂၀,၀၀၀ (သုံးဆယ့်ခြောက်သိန်းနှစ်သောင်း) မှ ၃,၆၇၀,၀၀၀ (သုံးဆယ့် ခြောက်သိန်းခုနစ်သောင်း) ကြားရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ယခု ဩဂုတ်လ ၁၀ ရက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေဈေး ၂၀၀ ကျော်မြင့်တက်လာပြီး အကယ်ဒမီရွှေဈေးနှုန်းသည် ကျပ်တစ်သိန်းကျော်အထိ မြင့်တက်ခဲ့သည်။

UOB ဘဏ်သည် လာမည့်စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ မြန်မာဘဏ်များနှင့် လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်း မည်ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ကမ္ဘာငွေကြေးဈေး ကွက်အတွင်းသို့ဝင်ရောက်ရန် အခက်အခဲများရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် UOB ဘဏ်တွင်ဖွင့်ထားသော စစ်ခေါင်းဆောင်နှင့်ရင်းနှီးသည့်ခရိုနီ ဦးအောင်အောင်ဇော် ပိုင်ဆိုင်သည့် မြန်မာ့လေကြောင်းလိုင်း (MAI) ၏ ဘဏ်စာရင်း အကောင့်များကို ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းရမည် ဖြစ်ကြောင်း UOB ဘဏ်က ထုတ်ပြန်ထားသည်။

UOB ဘဏ်သည် စစ်ခေါင်းဆောင်ဦးသန်းရွှေလက်ထက် ၁၉၉၄ ခုနှစ်တွင် United Overseas Bank (UOB ) ဘဏ် ကိုယ်စားလှယ်ရုံးခွဲကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်နိုင်ငံခြား ဘဏ်အဖြစ်လုပ်ငန်းလိုင်စင်ရရှိသည်။

ကုသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ Tom Andrew က အကြမ်းဖက်မှုများကို ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွက် ကန်ဒေါ်လာ ၂၅၄ သန်းတန် စစ်လက်နက် ပစ္စည်းများ တင်ပို့ရာတွင် စင်ကာပူနိုင်ငံက ကြားခံနေရာအဖြစ်ပါဝင် ပတ်သက်မှုများ ရှိနေကြောင်း ပြီးခဲ့သည့် မေလအတွင်းက ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိတွင် စင်ကာပူအခြေစိုက် UOB ဘဏ်က မြန်မာနိုင်ငံရှိဘဏ်များဖြင့် လုပ်ငန်းချိတ် ဆက်မှုရပ်ဆိုင်းခြင်း အပါအဝင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အကြွေးများ ပြန်တောင်းသည့်သတင်းများ၊ ကျပ်နှစ်သောင်းတန် ဂယက်နောက်ဆက်တွဲများကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများမြင့်တက်လျက်ရှိနေသည်။

အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့် ဇွန်လပိုင်းက နိုင်ငံခြားငွေရှာပေးနေသည့် စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားဘဏ်လုပ်ငန်း နှစ်ခုဖြစ်သည့် မြန်မာ့ နိုင်ငံခြားကုန်သွယ်ဘဏ် ( MFTB) နှင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု နှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ် ( MICB) တို့ကို စီးပွားရေးအရေး ယူပိတ်ဆို့မှုများ ပြုလုပ် ထားသည်။

ဓာတ်ပုံ – UOB Yangon

#UOBဘဏ် #မြန်မာ့ငွေစာရင်းပိတ်ခံရ #ဒေါ်လာနှင့်ရွှေစျေးတက် #ခရိုနီဦးအောင်အောင်ဇော်MAI #Ayeyarwaddy_Times