
ဧရာတတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ရှိ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်နှင့် ဝါးခယ်မ- မော်ကျွန်း- ရန်ကုန်လမ်းဆုံ နေရာ၌ ယခုသြဂုတ်လ ပထမအပတ်ကစပြီး မှတ်ပုံတင် တိုက်ဆိုင်စစ်ဆေးမှု ပိုမို တင်းကြပ်လာခဲ့ပြီး ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်ကစပြီး မော်လမြိုင်ကျွန်းမြို့အဝင်အထွက်နေရာနှင့် ဝါးခယ်မ- မော်ကျွန်း- ရန်ကုန်လမ်းဆုံနေရာတို့၌စစ်ကောင်စီတပ်၊ရဲနှင့်ပျူစောထီး စသည့်အဖွဲ့အင်အား ၃၀ ဦးဝန်းကျင်ဖြင့်
မြို့တွင်းသို့ ဝင်ရောက်သည့် မော်တော်ယာဉ် နှင့်ဆိုင်ကယ်များကို တားဆီးစစ်ဆေးခြင်း နှင့်မှတ်ပုံတင် တိုက်ဆိုင်စစ်ဆေးခြင်းများကို တင်းကြပ်စွာ လုပ်ကိုင်နေကြောင်း ဒေသခံများက ဧရာဝတီတိုင်းမ်ကို ပြောသည်။
” ဝါးခယ်မ-မော်ကျွန်း-ရန်ကုန်လမ်းဆုံ နေရာနဲ့ မြို့အဝင်အထွက် နေရာကို လုံခြုံရေး တင်းကျပ်ထားတယ်။အဓိက မှတ်ပုံတင်တိုက်စစ်တာပေါ့။ ဆိုင်ကယ်တွေကို စစ်တာတို့ဘတ်မှန်တို့စစ်တာရှိနေတယ်။ ဒီလလဆန်း ပိုင်းကစပြီး တင်းကြပ်လိုက်တာ” ဟု ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။
ထိုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်နေစဥ်အတွင်း မှတ်ပုံတင်နှင့် ယာဥ်မောင်းလိုင်စင် မပါရှိသူများကို တစ်ဦးလျှင် ငွေကျပ်၅၀၀၀မှ ၃၀၀၀၀ ကျပ်အထိ ငွေကြေးအတင်းအကျပ် ကောက်ခံနေကြောင်း လည်း ဒေသခံများက ပြောသည်။
” ယာဥ်မောင်းလိုင်စင်ပဲပါတယ်။မှတ်ပုံတင်မပါလာတာတို့ မှတ်ပုံတင်ပဲပါလာတယ် ယာဥ်မောင်းလိုင်စင် မပါတာတို့ ဆိုရင်တစ်ယောက်ကို ငါးထောင်ကနေ ကနေ သုံးသောင်းထိကို ပေးမှ ပြန်လွှတ်ပေးတယ်။ အဲ့မှာပဲစျေးညှိရတာ။ ငွေရှာပေါက်ရှာသလိုဖြစ်နေတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမှတ် (၄)ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း၌ ယခုသြဂုတ်လပထမအပတ်မှ စပြီး စစ်ကောင်စီတပ်သားများ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့များသည် ညစဥ် ကင်းပုန်းဝပ်စောင့်ကြည့်ရန် တိုင်းစစ်ကောင်စီမှ ညွှန်ကြားထားပြီး စစ်မှုထမ်းဟောင်း ပင်စင်စားအချို့ကိုပါ အင်အားဖြည့်တင်း အသုံးပြုမှုများရှိနေသည်။
#မော်လမြိုင်ကျွန်း #စစ်ကောင်စီ #စစ်ဆေးမှုပိုမိုတင်းကြပ်ကာ #ငွေတောင်းခံမှုများရှိ #Ayeyarwaddy_Times