ဗွီအာတီ/ ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင်လ ၁၈ ရက်
ချင်းပြည်နယ်၊ မတူပီမြို့တွင် အခြေစိုက်သော ခမရ(၃၀၄)တပ်ရင်းမှ တပ်သား ဖြိုးဝေဦးသည် ဇူလိုင်လ(၁၀)ရက်နေ့က CDF-Matupiထံသို့ လာရောက်ခိုလှုံခဲ့ကြောင်း CDF-Matupiက သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်အထိ CDF – Matupi ထံ လာရောက်ခိုလှုံသည့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းရှိနေပြီဖြစ်ကြောင်း CDF – Matupi တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“CDMပြုလုပ်ပြီး CDF-Matupiထံ လာရောက်ခိုလှုံတဲ့ စစ်ကောင်စီတပ်သားစုစုပေါင်း (၁၀) ယောက်ကျော်ရှိပြီ။ လက်နက်အပြည့်အစုံနဲ့ လာရောက်ခိုလှုံရင် ဆုကြေးငွေသိန်း(၅၀)ချီးမြှင့်ပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ အာဏာရှင်မင်းအောင်လှိုင်ရဲ့ အခိုင်းအစေကနေ စွန့်ခွာပြီး မိမိတို့ CDF-Matupiထံ အချိန်မရွေးလာရောက် ခိုလှုံနိုင်ပါတယ်၊ ပြည်သူ့ရင်ခွင်ကနေ နွေးထွေးစွာ ကြိုဆိုသွားပါမယ်”ဟု CDF-Matupiမှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့တွင် စစ်ဗျူဟာကုန်း၊ ခမရ(၃၀၄)တပ်ရင်း နှင့် ခလရ(၁၄၀)တပ်ရင်းတို့ အခြေစိုက်ထားပြီး စစ်ကောင်စီတပ်များအနေဖြင့် ၎င်းတို့ထံသို့ အချိန်မရွေးဆက်သွယ်ကာ လာရောက်ခိုလှုံနိုင်သည်ဟု CDF-Matupiက ရေးသားထုတ်ပြန်ထားသည်။
CDF-Matupiထံသို့ လာရောက်ခိုလှုံသော တပ်သားဖြိုးဝေဦးကို ၎င်းဆန္ဒအရလွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာ ပို့ဆောင်ပေးပြီဖြစ်ကြောင်း CDF-Matupiက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။