
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်မောင်းနှင်လာသည့် အရပ်သားပြည်သူနှစ်ဦး ဩဂုတ်လ ၁၀ ရက်နေ့ မနက်က ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသိရပါသည်။
သေဆုံးသူမှာ ကလေးတောင်ပိုင်း၊ မွှန်ထာ (ရွာသစ်) ကျေးရွာနေ အသက် ၂၈ နှစ် အရွယ်ရှိ
လာလ်းကျုံးလျံဘိခ် (Lal Cung Lian Bik) ဖြစ်ပြီး အလုပ်အတူလုပ်သူနှင့် တောင်ဖီလာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီး လုပ်ငန်းခွင်မှ နံနက်စာစားရန် ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာစဥ် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုးကာ ဆိုင်ကယ်ပြန်လှည့်နေချိန် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သေသွားတဲ့ သူကတော့ ကျည်ထိမှန်ပြီး နေရာတင် ပွဲချင်းပြီးသေသွားတယ်။ တစ်ယောက်ကတော့ လက်မောင်းကိုထိပြီး အရိုးကျိုးသွားတယ်” ဟု လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူ လာလ်းကျုံးလျံဘိခ်၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၀ရက်နေ့ မနက်ပိုင်းကလည်း ကားနှစ်စီးဖြင့် ကင်းလှည့်သည့် စစ်ကောင်စီ စစ်ကြောင်းသည် ကလေးတောင်ပိုင်း၊ မြို့လှရွာဘက်ကို ထွက်ခွာသွားပြီး လမ်းတလျှောက်တွင် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပုံ – နွေမင်းတာန်
ပုံစာ – သေဆုံးသူ လာလ်းကျုံးလျံဘိခ်၊ ကလေးမြို့တွင် စစ်ဆေးမှုပြုလုပ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#Ayeyarwaddy_Times