
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၁ ရက်
မြန်မာ- ထိုင်း နှစ်နိုင်ငံအဓိကကုန်သွယ်ရေးတွင် နေ့စဉ် အမေရိန်ကန်ဒေါ်လာ သုံး သန်းဖိုး ကုန်စည်စီးဆင်း ရာ အာရှလမ်းမကြီး ပြိုကျကာ လမ်းပျက်စီးသွားပြီး ကုန်ပစ္စည်းသယ်ဆောင်ရေးအခက်အခဲ ကြုံတွေ့နေရကြောင်း ကုန်စည်ပို့ဆောင်သူများထံမှ သိရသည်။
ဩဂုတ် ၈ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးတွင် မိုင်တိုင် အမှတ် ၁၄၉ နှင့် ၁၉၀ ကြား တောင်ကျရေကြောင့် ကတ္တရာခင်းကားလမ်းအရှည် ပေ ၁၅၀ ခန့်ပဲ့ကျပျက်စီး သွားပြီး ယာဉ်သွားလာမှုရပ်ဆိုင်းသွားခြင်းဖြစ်သည်။
မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်ပစ္စည်းတင်သွင်းရာတွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှ ၄ ရက်နေ့အထိ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၀၈ သန်းရှိပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၂၈ သန်း ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
“ အခုတော့ပစ္စည်းလက်ကျန်တွေရှိသေးတယ်။ရှိတာပဲရောင်းတော့မယ်။ အချို့ပစ္စည်းတွေကုန်သွားရင်တော့ ကြိုပြီး မှာတာ ပဲရောင်းတော့မယ်။ ကားလမ်းမြေပြိုတော့ လမ်းပွင့်ဖို့က အချိန်ကသေချာမသိရတော့ စရံငွေယူပြီး preorder ပဲကောက်ထားတော့မယ်။ ငွေဈေးတွေ ကလည်းတက်နေတဘ် ” ဟု Online မှ လူသုံးကုန်ပစ္စည်းရောင်းချသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးပြတ်တောက်မှုကြောင့် အရောင်းအဝယ်လုပ်ရာ တွင်အခက် အခဲများဖြစ်ပေါ်နေပြီး စားသုံးကုန်ပစ္စည်း အချို့ဈေး အပြောင်းအလဲဖြစ်သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြဝတီ- ကော့ကရိတ် လမ်းဟောင်းဖြစ်သည့် ထို့ကော်ထိုးလမ်းပိုင်းကနေ လူစီးယာဉ်နှင့် တချို့ပစ္စည်းသယ်ဆောင်နိုင်သော ယာဉ်ငယ်များ သွားလာနိုင်ပြီး ကုန်တင်ယာဉ်ကြီး( ၁၂ ဘီး၊ ၁၄ ဘီး) များသွားလာခွင့်မရှိကြောင်း သိရသည်။
အဆိုပါပျက်စီးသွားသောလမ်းပိုင်းနေရာကို တစ်လအတွင်းဘေလီတံတားထိုးမည်ဖြစ်ပြီး ပင်မလမ်းမကြီး ပြင်ဆင်မှုကို ပွင့်လင်းရာသီတွင်တည်ဆောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရသိရသည်။
ထိုင်းနိုင်ငံဘက်မှ စက်ပစ္စည်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ ကုန်ကြမ်းပစ္စည်းများနှင့် စက်သုံးဆီများ သယ်ဆောင်ပြီး မြန်မာနိုင်ငံမှ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းများ ပို့ဆောင်ရကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အာရှလမ်းမပျက်စီး #ကုန်ပစ္စည်းခက်ခဲ #ယာဉ်အသွားအလာရပ်ဆိုင်း #Ayeyarwaddy_Times