နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၁ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ၎င်းတို့စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘော တူညီချက် စာချုပ် (NCA)ကို ချိုးဖောက်ကာ နင်းခြေဖျက်ဆီး၍ ပြန်လည်အသက်သွင်းနေခြင်းသည် စစ်အာဏာရှင် စနစ်၏ မျက်နှာဖုံးတစ်ခုကို ထပ်စွပ်နေခြင်းဖြစ်ပြီး NCA လည်း မရှိတော့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs)က ထောက်ပြပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်အခွင့်အရေးနှင့် ပတ်သက်၍ ပေးထားပြီး ယင်းဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်၍ ပြည်သူ့ဆန္ဒနှင့်အညီပြဋ္ဌာန်း ထားသည့် ဥပဒေဖြစ်သဖြင့် ပြည်သူအများဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင် သင့်သည့် အချက်များကို ပြုပြင်ရန်အတွက် စစ်ကောင်စီတပ်အနေဖြင့် သဘောတူ ညီထားပြီးဖြစ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ ဖက်ဒရယ်စနစ်ပေါ်တွင်လည်း အခြေခံထားခြင်းမရှိပါဘူး။ ဖက်ဒရယ်စနစ်တွေနဲ့ အများကြီး ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူ လူထုရဲ့ဆန္ဒနဲ့ အတည်ပြုခဲ့တာ မဟုတ်သလို လက်ရှိအခြေ အနေနဲ့လည်း မကိုက် ညီတော့ပါဘူး။ ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတစ်ရပ်လုံးကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူထု ဆန္ဒတွေနဲ့ ဖျက်သိမ်းပြီးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်ပြီးတော့ အသက်သွင်းနေတယ် ဆိုတာကတော့ စစ်အာဏာရှင်စနစ်ရဲ့ မျက်နှာဖုံးတစ်ခုကို ထပ်ပြီး စွပ်နေတာ ဖြစ်ပါတယ်”ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ- PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၂၀၀၈ ခြေ/ဥ ကို ပြည်သူလူထုနှင့် နွေဦးတော်လှန်ရေးက လက်ခံတော့မည် မဟုတ်သလို အုပ်ချုပ်သူ အပြောင်းအလဲ လုပ်နေခြင်းမဟုတ်ဘဲ ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေး System Change ကို လုပ်နေခြင်းဖြစ်သောကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်း စစ်ကောင်စီ၏ ပြောဆိုမှုများမှာ တရားဝင်မှု၊ လက်တွေ့ကျမှု အင်မတန်အားနည်းကြောင်း PNFC ဥက္ကဋ္ဌက ဖြေကြားသည်။

“၂၀၀၈ ခြေ/ဥက ပြည်သူ့ဆန္ဒနဲ့အညီ ပြဌာန်းထားတယ်ဆိုတာ ဘာကိုပြောတာလဲ။ အဲဒီအချိန်တုန်းက အားလုံးသိနေတာပဲလေ။ ၂၀၀၈ နာဂစ်ဖြစ်လို့ လူတွေသိန်းနဲ့ချီ သေတဲ့အချိန်တောင်မှ စည်းမစောင့်နိုင်ဘဲနဲ့ တစ်ခါတည်း ကသောကမျောနဲ့လုပ်ခဲ့ တဲ့ဟာတွေက ကမ္ဘာလုံးသိနေတဲ့ ကိစ္စပဲ။ အခုမှ စကားကြီး စကားကျယ် ထပြောတော့ ဘယ်သူက လက်ခံလို့ရတော့မလဲ။ သိပ်ပြီးတော့ များများစားစားလည်း ပြောစရာ မလိုဘူး။ ဘာမှလည်း တရားမဝင်ဘူး” ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် NCA အပေါ် တွင် အခြေခံ၍ ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော ERO အဖွဲ့များအနေဖြင့် NCA သဘော တူညီချက်များအား လိုက်နာခြင်းမရှိ၍ အချို့သောဒေသများတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုနှင့်ဖွံ့ဖြိုး တိုးတက်မှုများ နှောင့်နှေးကြန့်ကြာနေရကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ERO အချို့ကို စွပ်စွဲပြစ်တင်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးသည့်ဖက်ဒရယ်ကို ကရင်အမျိုးသား အစည်းအရုံး-KNU အပါအဝင် မြန်မာပြည်ရှိ မည်သူကမှလိုလားခြင်းမရှိဘဲ ထိုဥပဒေ ဖျက်သိမ်းရေးကို လက်တွေ့တောင်းဆို၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအသစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (constitution)အသစ် ရေးဆွဲကြရန် တိုက်ပွဲဝင်နေကြောင်း ဩဂုတ်လ ၁၀ ရက်က ပြုလုပ်သည့် (၁၇)ကြိမ်မြောက် ကွန်ကရက်အပြီး ပထမဆုံးသော သတင်းစာရှင်းလင်း ပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ပဒိုစောတာဒိုမှူးက “NCA နဲ့ ပတ်သက်လို့ ကျွန်တော်တို့ လိုက်နာစရာအကြောင်း မရှိတော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁) အခြေခံ မူကို နင်းခြေဖျက်ဆီးလိုက်တာက စစ်တပ် (စစ်ကောင်စီ) ဖြစ်ပါတယ်။ NCA ရဲ့ အခန်း(၁) က NCA တခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲ့ဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီ ဖြစ်တဲ့ အတွက် ဒီ NCA က မရှိတော့ဘူး။ NCA ကို အသုံး ပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော် လည်းကောင်း လုပ်တဲ့ကိစ္စတွေကတော့ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး ဆိုတာလေးကို ပြောကြားလိုပါတယ်” ဟု သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြုပြင်ရန်အတွက် သဘောတူညီ ထားသော်လည်း နိုင်ငံအတွက်အရေးကြီးသည့် ဒို့တာဝန် အရေးသုံးပါးကို မထိခိုက် ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ် လုပ်ပိုင်ခွင့်များကို ညီညွတ်မျှတစွာ ဆောင်ရွက်နိုင်ရန်လိုကြောင်း စစ်ခေါင်းဆောင်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံ ပွဲတွင် ထည့်သွင်းပြောကြားထားသည်။

“ဒို့တာဝန် အရေးသုံးပါးကတော့ စစ်တပ်ကပဲ စတင်ချမှတ်သလို အဲ့ဒီ ဒို့တာဝန် အရေးသုံးပါးကို ချိုးဖောက်နေတာကလည်း စစ်တပ်ပါပဲ။ စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်(စစ်ကောင်စီတပ်) ကဒီအရေးသုံးပါးတွေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေ ကြတာဆိုတော့ ဒီအပေါ်မှာ အခြေပြုပြီး ပြောဆိုမှုတွေကတော့ အင်မတန်ကို မသင့်မြတ်တဲ့ ကိစ္စတွေ၊ မသင့်လျော်တဲ့ ကိစ္စတွေဖြစ်ပါတယ်” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် စာချုပ်(NCA)သည် ပြည့်စုံမှုမရှိသေးသော်လည်း တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို သဘော တူညီချက်စာချုပ်အဖြစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါစာချုပ်ကို နိုင်ငံတကာမှ အသိသက်သေများ မျက်မှောက်တွင် လက်မှတ်ရေးထိုးထားသောကြောင့် မျက်ကွယ် ပြု၍ ဆောင်ရွက်ခြင်းမပြုရန် စစ်ခေါင်း ဆောင်က ဆိုထားသည်။

“ဒီပြဿနာတွေကို ဖြေရှင်းဖို့က တကယ့်အကြီးဆုံး ဆူးညှောင့်ခလုတ်က စစ်တပ်ပဲ။ ဒီဆူးညှောင့်ခလုတ် (စစ်တပ်)ကသာလျှင် တိုင်းပြည်ထူထောင်ရေးကို အဟန့်အတား ဖြစ်တယ်ဆိုတာ ကျွန်တော်တို့က ရှင်းရှင်းလင်းလင်း မြင်တဲ့နောက်မှာ ကျွန်တော်တို့ဒီနေ့ လုပ်ရမယ့်အလုပ်က စစ်တပ်ကိုဖယ်ရှားဖြစ်ရေးပဲ။ အကုန်လုံး စနစ်အသစ်နဲ့ ပြုပြင် ပြောင်းလဲရေး လုပ်မှပဲ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည်ထူထောင်လို့ရမယ်။ ဒီစစ်တပ်နဲ့က လုံးဝ ကျွန်တော်တို့ လက်တွဲလို့မရတော့ဘူး ဆိုတာတော့ ကျွန်တော်တို့ အတွက် ရှင်းလင်းတဲ့မူဝါဒ ပေါ်လစီတစ်ခုပဲ” ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အဓိကအားဖြင့် စစ်တပ် (စစ်ကောင်စီတပ်) သည် မိမိနေရာ၊ မိမိအလုပ်ကို နေထိုင်လုပ်ကိုင်၍ အရပ်သား ပြည်သူ့အစိုးရ၊ အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် နေမှသာလျှင် ဖက်ဒ ရယ်ပြည်ထောင်စုကို တည်ဆောက်၍ ရမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ရေးဆွဲစဉ်က သတ်မှတ်ခဲ့သည့် ဦးတည်ချက်များထဲတွင် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကနေ တပ်မတော် ပါဝင်ရေးဟု ထည့်သွင်းထားမှုသည် တိုင်းပြည်ကို ဖျက်ဆီးသောမူဖြစ်ကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။

“အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်ပါရမယ် ဆိုတဲ့မူကို ကိုင်ထားတဲ့ စစ်တပ်ဟာ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက် အနှောင့်အယှက်ဖြစ်နေတာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်နဲ့ စစ်တပ်က အဲဒီမူအရ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အနှောင့်အယှက်ဖြစ်နေတာ ဖြစ်ပါတယ်။ ရှိနေတဲ့ တော်လှန်ရေးက အနှောင့်အယှက်ဖြစ်နေတာ မဟုတ်ဘူး” ဟု ခွန်မြင့်ထွန်းက ဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ

#စစ်ကောင်စီက #၂၀၀၈ခြေဥနှင့်NCAချိုးဖောက်ဖျက်ဆီး #စစ်အာဏာရှင်မျက်နှာဖုံး #NCAမရှိတော့ #ERO များ #Ayeyarwaddy_Times