
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်အတွင်း ရှိ နေအိမ်တစ်အိမ်ကို ၀င်ရောက်ဓားပြတိုက်ပြီး သားယောက်ျားလေး မွေးဖွားရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်၀န်ဆောင် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ကဖြစ်ပွားခဲ့သည်။
အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မုံရွာကျွဲကြီးအဖွဲ့မှ ခြောက် ဦးသည် ဩ ဂုတ် ၁၀ ရက် ညနေ ၃ နာရီ၀န်းကျင်ခန့်က လက် နက်များဖြင့် အခင်းဖြစ်ပွားရာ နေအိမ်အတွင်း၀င်ရောက်ခဲ့ပြီး ကိုယ် ၀န်ဆောင် အမျိုးသမီးကို သေနတ်ဖြင့်ပစ်ခတ်ကာ ဖုန်းနှင့်ဆိုင်ကယ်တို့ကို လုယက်ယူဆောင် ထွက်ပြေး သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
လုယက်မှုကျူးလွန်ခဲ့သူများသည် မုံရွာကျွဲကြီးအဖွဲ့မှ ဖြစ်ပြီး ယင်းသို့လုပ်ရပ်မျိုးကို သုံး ခုထက်မနည်း ကျူးလွန်ခဲ့ ကြောင်း စစ်ဆေးမေးမြန်းချက်အရ သိရကြောင်း မုံရွာ ပြည်သူ့ကာကွယ်ရေး(ပကဖ)ထံမှ သိရသည်။
“ခုစစ်ဆေးမေးမြန်းနေတုန်းပါ။ ညကဖမ်းမိတာပါ။ ခုလိုလုပ်ရတဲ့အကြောင်းအရင်းကို သေချာမသိရဘူး။ မယ်မယ်ရရမရှိဘူး။ သူတို့ကို NUG ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်သွားပါမယ်”ဟု မုံရွာပကဖအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မွေးဖွားရန်ရက်ပိုင်းသာ လိုတော့သည့် အသက် ၂၄ နှစ် အရွယ် ကိုယ်၀န်ဆောင် မအေးငြိမ်းသူသည် ဦးခေါင်း ကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့လူသတ်ဓားပြတိုက်ခဲ့သည့် မုံရွာကျွဲကြီးနှင့် အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် Guardian Force ပြည်သူ့လုံခြုံရေးအဖွဲ့တို့က ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
#စစ်ကိုင်း #မုံရွာ #ဓားပြတိုက် #ကိုယ်၀န်ဆောင်# ပစ် ခတ်ခံရ #သေဆုံး #မုံရွာကျွဲကြီးအဖွဲ့