
နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ရက်
ကရင်ပြည်နယ် တပ်မဟာ(၆)နယ်မြေရှိ ကော်ဘရာစစ်ကြောင်း ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ခွဲ (၄)ထံသို့ ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ က စစ်ကောင်စီတပ်သား နှစ် ဦး လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သား ဇော်မျိုးခိုင် နှင့် တပ်သားအဆင့်ရှိ စစ်ကောင်စီတပ်သား အောင်မျိုးဇော် တို့သည် ကွန်မန်ဒိုစိန်ပြောင်း ၆၀-မမ တစ်လက် နှင့် ကျည် ငါးလုံး ၊ MA-2 သေနက် တစ်လက် နှင့် ကျည်ဘောက် ငါးခု၊ MA-2 ကျည်ဆံ ၁၅၀ တို့ကိုယူဆောင်၍ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ကောင်စီတပ်သား နှစ်ဦးကို စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်တာပေါက ထိုင်းဘတ်ငွေ ၅၀,၀၀၀ ပေးအပ်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၄) က ထုတ်ပြန်ထားသည်။
” KNLA တပ်ရင်းကို ၈ ရက်နေ့က လာပူးပေါင်းတာပါ။ စစ်ကောင်စီတပ် တပ်မ (၄၄)လက်အောက်ခံ ခမရ-၁၁၈ က ဒုတပ်ကြပ် နဲ့ တပ်သား အဆင့်ရှိသူ နှစ်ဦးပါ။ သူတို့ ကိုင်ဆောင်ထားတဲ့ လက်နက် ခဲယမ်းတွေနဲ့ လာရောက်ပူးပေါင်းတာပါ။ စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်ရန်ဖို့ လာရောက်ပူးပေါင်းတာလို့ ပြောပါတယ်” ဟု ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လက်ခက်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် KNU/ KNLA ၊ PDF ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
လက်ခက်တောင် တာဝါတိုင်စခန်းကုန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် BGF ၊ DKBA ပူးပေါင်းအဖွဲ့များသည် စခန်းကုန်းကိုပြန်လည်ရယူရန် ဇူလိုင် ၂၄ ရက်နေ့မှ ယနေ့အထိ အင်အားအလုံးရင်းဖြင့် ထိုးစင်ဆင်နေသော်လည်း ထိခိုက် သေဆုံးမှုများပြားနေ၍ စစ်ကောင်စီ တပ်တွင်း ပုန်ကန်မှုများနှင့်အတူ စခန်းစွန့်ခွာထွက် ပြေးမှုများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ ထံကသိရသည်။
ဓာတ်ပုံ-လက်နက်နှင့်အတူKNLA သို့ ပူးပေါင်းလာသည့်စစ်ကောင်စီတပ်သားနှစ်ဦး
#စစ်ကောင်စီတပ်သားနှစ်ဦး #လက်နက်ခဲယမ်းများ #KNLAပူးပေါင်း #ကော်ဘရာစစ်ကြောင်း #Ayeyarwaddy_Times