ဧရာဝတီတိုင်းမ်

(ကျောက်တံခါး)၊ ဩဂုတ်လ ၁၀ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်း ကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ရိုးမစစ်ကြောင်း(၂) တပ်ခွဲ-၂ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး ခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် ခမရ-၅၈၉ တပ်ရင်းအပါအဝင် အင်အား ၆၀ ဝန်းကျင်ပါ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းနှင့် သမင်းအင်းကုန်းရွာတွင် ၉ နာရီကျော်ကြာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ် ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူအများအပြားပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီဘက် တိုက်ပွဲတွေက တိုင်းမှူးပြောင်းတာနဲ့တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ယူဆ ရတယ်။ သူပြောင်းလာပြီးတော့မှ အပေါ်ဘက်ကအင်အားတွေကိုပါ ဒီဘက်ကို ဆွဲထည့်လာတာ။ အခုကစစ်ကိုင်းဘက်က မီးရှို့ခဲ့တဲ့သူတွေပါ ဒီဘက်ကိုရောက်လာတာ။ ကြာအင်းရွာကိုမီးရှို့သွားတာလဲ အဲ့ဘက်ကတပ်တွေပဲ” ဟု ‌အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်း တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိတွေ့တိုက်ပွဲအတွင်း အထူးကွန်မန်ဒိုစစ်ကြောင်းမှ ရဲဘော်ကျော်ကြီး ဦးခေါင်း လက်နက်ငယ် ထိမှန်ကာ သေဆုံးခဲ့ပြီး KNLAပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်နှစ် ဦးလည်း သေဆုံးခဲ့ရကြောင်း သိရသည်။

“စစ်တပ်က အပိုင်ဆိုပြီး ဝိုင်းတက်လာတာ။ အဲ့ဒီမှာ တိုက်ပွဲအတွင်းကျသွားခဲ့တဲ့ ရဲဘော်က မြင်တော့ကျန်တဲ့ ရဲဘော်အားလုံးကိုနှိုးပြီး ကာဗာကောင်းတဲ့နေရာကိုဆုတ်ပြီး သတ်ကွင်းထဲ ရောက်လာစစ်ကြောင်းကို ဝိုင်းချေမှုန်းနိုင်ခဲ့တယ်။ လက်နက်တွေက မနေ့က ၁၈ လက်ရတယ်။ ဒီနေ့ ခြောက်လက် ထပ်ရတယ်။ အခုဆက်လက်ရှာ‌နေတုန်း ရှင်းလင်းနေတုန်းပဲ” ဟု ‌အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်း တာဝန်ရှိသူက ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကိုလက်နက်များနှင့်အတူ ချန်ရစ်ခဲ့သည့်အတွက် စက်လက် တစ်လက်၊ MA- 1 ရှစ်လက်၊ MA-2 တစ်လက်၊ MA-3 တစ်လက်၊ MA-4 တစ်လက် စုစုပေါင်း သေနတ် ၂၄ လက်အထိ ရရှိထားပြီး မိုင်းရှာစက် တစ်လုံး၊ ဒရုန်းပစ်တစ်လက်၊ ကျည်အိမ် ၁၂ခု၊ ၆၀-မမ ဗုံးသီးတချို့နဲ့ ကျည်ဆံအများအပြားကို ကနဦးအနေဖြင့် သိမ်းဆည်း ရမိထားကြောင်း သိရသည်။

ယခုအခါ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် နတ်သံကွင်းမြို့ကိုအဝင်အထွက်မပြုလုပ်ရန်၊ ကျောက်တံခါးမြို့နယ်တွင် ည၆နာရီမှ မနက် ၆ နာရီအတွင်းသွားလာခြင်းမပြုရန်၊ သမင်အင်းကုန်းရွာမှ ကျောက်တံခါး၊ သူဌေးကုန်း ကားလမ်းမပေါ်သို့သွားလာခြင်းမပြုရန် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) ၊ တပ်ခွဲ- ၁ က သတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့

#ကျောက်တံခါးတိုက်ပွဲ #သမင်အင်းကုန်း #စစ်ကောင်စီတပ်သား၃၀ကျော်သေဆုံး #လက်နက်များ #သိမ်းဆည်းရမိ #KNLA #ရိုးမးစစ်ကြောင်း၂ #Ayeyarwaddy_Times