
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၀ရက်
ဩဂုတ်လ ၉ ရက်နေ့မှ စတင်ကာ နှစ်လအတွင်း စစ်အုပ်စုအတွက် လက်နက်ဖိုးရနေသော မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန် ရှစ်မျိုးကို တင်းတင်းကျပ်ကျပ်သပိတ်မှောက်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့်တော်လှန်ရေးအင်အားစုများက ပြည်သူလူထုကို မေတ္တာရပ်ခံ တောင်းဆိုကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများစုပေါင်းကာ လူထုလှုပ်ရှားမှုသပိတ်အဖြစ် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ အကောင်အထည်ဖော်ကာ စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကို သပိတ် မှောက်ရန် တိုက်တွန်းနှိုးဆော်ကြောင်းသိရသည်။
စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းများက ထုတ်လုပ်သည့် မြန်မာဘီယာ၊ Andaman Gold တံဆိပ်များ၊ Dagon တံဆိပ်၊ Mandalay Rum နှင့် Beer Black Shield၊ Army Rum၊ ဆေးလိပ်နှစ်မျိုးဖြစ်သော Red Ruby နှင့် Premium Gold တို့ကိုဝယ်ယူသုံးစွဲခြင်းမပြုဘဲ ရောင်းအား ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားရန် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း NUG အစိုးရအဖွဲ့ဝန်ကြီးများက တောင်းဆိုထားသည်။
“ ဒီတော်လှန်ရေးအရှိန်အဟုန်ကိုမြင့်တင်ပြီးတော့ အားလုံးက တိုက်ပွဲဝင်နေကြတဲ့သူတွေပဲ။ သပိတ် မှောက်ရမှာပါ။ တိတိကျကျကို သပိတ်မှောက်ရမယ်။စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေက ထုတ်တဲ့ စီးကရက်၊ ဘီယာ၊ ဘိလပ်မြေက အစတံဆိပ်တွေကို သိနေတာပဲ။ အရက်ဘီယာမှာလည်း နောက်ထပ်သူတို့မျက်စိလှည့်စားထားတဲ့ တံဆိပ်တွေကို အားမပေးစတမ်း မဝယ်ယူစတမ်း၊ ကျွန်တော်တို့ပြည်သူတွေပူးပေါင်းရမယ်” ဟု ဦးမင်းကိုနိုင်က ပြည်သူလူထုကို တောင်းဆိုလိုက်သည်။
ထို့ပြင်စစ်အုပ်စု၏ ပြည်တွင်း၊ ပြည်ပဝင်ငွေရလမ်းအားလုံးကိုဖြတ်တောက်ပြီး NUG အစိုးရနှင့် တော်လှန် ရေးအင်အားစုများ ဘဏ္ဍာရန်ပုံငွေစနစ် ခိုင်များမာအားကောင်စေရန် ပြည်သူ့ဘဏ္ဍာတည်ဆောက်ရမ ည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထုတ်ပြန်သည်။
“ တော်လှန်ရေးခရီးက ကြာလာတော့ အချို့လည်း နည်းနည်းပါးပါး စိတ်ပျက်လာနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူအများစုက သွေးမအေးပါဘူး။ အခုလည်း သူတို့ရဲ့ ယမကာထုတ်ကုန်တွေ အရင်လို မရောင်းရတော့ပါဘူး။ ဒါကိုဆက်ပြီး သတိလေးထားပြီးတော့ စစ်တပ်ထုတ်ကုန်တွေကို အသုံးမပြုပဲနေဖို့ လိုပါတယ်။ တကယ်တော့ လူထုနဲ့ တိုက်ရိုက်ထိစပ်နေတဲ့ လုပ်ငန်းတွေထဲမှာဆို စစ်တပ်က ဖွင့်ထားတဲ့ စက်သုံးဆီ ဆိုင်တွေကအစ သူတို့နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ထုတ်ကုန်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဖို့ လိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်တော်လှန်ရေးမှာ မပါနိုင်ဘူး။ ထောက်ပို့ မလုပ်နိုင်ဘူးဆိုရင်တောင် စစ်တပ်ထုတ်ကုန်တွေကို အားမပေးမိဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု နိုင်ကျဥ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတွင်မည့်မျှဘဏ္ဍာရေးတောင့်တင်းစေကာမူ နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ဘဏ္ဍာရေးအကျပ် အတည်းဖြစ်နေပေါ်နေကြောင်းသိသာနေပြီး စစ်အုပ်စုဝင်ငွေစီးကြောင်းများဖြတ်တောက်သည့်သပိတ်တွင် တိုင်းသူပြည်သားအားလုံးပါဝင်စေလိုကြောင်း သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောကြားသည်။
ဓာတ်ပုံ – NUG အစိုးရ
#စစ်အုပ်စုထုတ်ကုန်သပိတ်မှောက် #NUG #ဖက်ဆစ်ငွေဖြတ်တောက်ပြည်သူ့ဘဏ္ဍာတည်ဆောက် #မြန်မာဘီယာ #Mandalyrum #Redbuby #Ayeyarwaddy_Times