ဧရာဝတီတိုင်းမ်

သြဂုတ်လ ၁၀ ရက်

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်ရှိ ကျုံပျော် – ဟင်္သာတကားလမ်းပေါ်တွင် သစ်ပင်လဲကျ၍ လမ်းလျှောက်လာသူ အမျိုးသားတစ်ဦး ပိမိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၉ရက်နေ့ နေ့လည်က ကျုံပျော်မြို့နယ် ငါးကျီးထူအုပ်စု၊ အောင်လံစု ကျေးရွာအနီး ကျုံပျော်-ဟင်္သာတသွား ကားလမ်း မိုင်တိုင်အမှတ် 50KM နှင့် 51KM ကြားတွင် မလေးရှားပိတောက်ပင် လဲကျမှု ဖြစ်ပွားခဲ့ရာ အမျိုးသား နှစ်ဦးပေါ်ကို ပိမိခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

” မိုးကနေ့တိုင်းရွာနေတော့ သစ်ပင်ကရေနဲ့ အမြစ်တွေကြွလာပြီး လမ်းပေါ်ကို ကန့်လန့်ဖြတ်လဲကျချိန် လမ်းပေါ်မှာ ရှိတဲ့ အမျိုးသားနှစ်ဦး အပေါ် ပိတယ်။ တစ်ယောက်ကတော့ခေါင်းမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးပြီးတစ်ယောက်ကတော့ ကျုံပျော်ဆေးရုံကိုပို့လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အပင်လဲကျရာသို့ ဒေသခံများနှင့် လူမှုရေးအဖွဲ့များက လဲကျသစ်ပင်အား ဖြတ်တောက်ဖယ်ရှားပြီး ဒဏ်ရာရ သူများအား ဝိုင်းဝန်းကူညီပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်မေလ ၁၄ရက်နေ့တွင်ရေကြည်မြို့နယ် ကွင်းသုံးဆင့်ကျေးရွာအုပ်စု၊တန်ဇောင်ရိုးကျေးရွာပုသိမ်-မုံရွာကားလမ်းမပေါ်တွင်လည်း လေပြင်းတိုက်ပြီး သစ်ပင်လဲကျကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

#ကျုံပျော် #ဟင်္သာတ #ကားလမ်း #သစ်ပင်လဲကြ၍ #ပိမိပြီး #အမျိုးသားတစ်ဦးသေဆုံး #Ayeyarwaddy_Times