
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၀ ရက်
မြန်မာစီးပွားရေးကော်ပိုရေးရှင်း ( MEC) ဥက္ကဌ စစ်ကောင်စီခေါင်းဆောင်အကြံပေးပုဂ္ဂိုလ် ဒုတိတဗိုလ်ချုပ်ကြီး ညိုစောကို နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီတွင်ထည့်သွင်းကာ ပြီးခဲ့သည့်လက ပြင်ဆင်ဖွဲ့စည်းလိုက် ကြောင်း သတင်းရရှိသည်။
အဆိုပါကော်မတီတွင် မနှစ်ကဖွဲ့စည်းထားသည့်အတိုင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ( မြန်မာ့စီးပွားရေးဦးပိုင် ဘုတ်အဖွဲ့ဒါရိုက်တာ) က ဥက္ကဌအဖြစ် တာဝန်ယူပြီး ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ MEC ဥက္ကဌ စစ်ကောင်စီခေါင်းဆောင်အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းလိုက် ကြောင်းသိရသည်။ ကော်မတီဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် နိုင်ငံခြားရင်းနှီးမြုတ်နှံမှုကော်မရှင်၏ ဥက္ကဌအဖြစ်လည်း တာဝန်ယူထားသူဖြစ်သည်။
အဆိုပါ ကော်မတီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦး နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေတို့ကို အဖွဲ့ဝင် အဖြစ်ထည့်သွင်းထားပြီး ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်ကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားကြောင်း ကော်မတီပြန်တမ်းအရ သိရသည်။
စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို တင်းကျပ်ထားကာ ဒေါ်လာ အရောင်း၊အဝယ် ကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီမှတဆင့် ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ဝယ်ယူရောင်းချ နေရသည်။
အသုံးအဆောင်များ နှင့်ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်း၊ စက်သုံးဆီနှင့် စားသုံးဆီ၊ ဆေးဝါး၊ ဓတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ဆောက်လုပ်ရေးသုံး လုပ်ငန်းပစ္စည်းများ အပါအဝင် ပြည်ပမှ တင်သွင်း လိုသည့် အထွေထွေပစ္စည်းများ အတွက် နိုင်ငံခြားသုံးငွေကို စိစစ်ရန်လည်း ကော်မတီကို လုပ်ပိုင်ခွင့်ပေးထားသည်။
ထို့အပြင် လူမှုရေးကိစ္စ ပြည်ပသို့ဆေးဝါးကုသခြင်း၊ ပညာရေးကိစ္စများ၊ ဘာသာရေးကိစ္စများနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်း၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သော နိုင်ငံခြားငွေကိစ္စများကိုလည်း ကြီးကြပ်ကွပ်ကဲရမည် ဖြစ်သည်။
ဗဟိုဘက်က နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ထိန်းချုပ် ကန့်သတ်ထားသော်လည်း နိုင်ငံခြားငွေကြေး ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ငွေလဲနှုန်းထားဖြင့်သာ အရောင်းအဝယ်လုပ်နေရကြောင်းသိရသည်။
#နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ
#ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း #ဒုတိယဗိုလ်ချုပ်ကြီးညိုစော #ဒေါ်လာအရောင်းအဝယ် #Ayeyarwaddy_Times