
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်
အရေးပါတဲ့ စင်ကာပူဘဏ်တစ်ခုဖြစ်တဲ့ UOB ဘဏ်က မြန်မာနိုင်ငံရှိ မိတ်ဖက်လုပ်ငန်းတွေကို ဖြတ် တောက်လိုက်ရာ ကမ္ဘာ့ငွေကြေးစနစ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ခွင့်ရမှုကို သိသိသာ ကန့်သတ်နိုင်မယ့် ဘဏ်အချင်းချင်းဆက်ဆံရေးကို အဆုံးသတ်စေလိုက်ပြီဖြစ်ပါတယ်။
မြန်မာဘဏ်အကောင့်တွေကနေ ငွေကြေးအလွှဲအပြောင်းလုပ်တာတွေကို ကန့်သတ်မှာဖြစ်ပေမယ့် ဘဏ်အကောင့်တွေကြား ငွေကြေးရွှေ့ပြောင်းတာတွေကို ခွင့်ပြုမယ်လို့ UOB ဘဏ်က မြန်မာဘဏ်တွေထံ ပေးပို့ ခဲ့တဲ့ လျို့ဝှက်စာအတွင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေ ဗီဇာကတ်နဲ့ မာစတာကတ် အသုံးပြုပြီး ငွေကြေးအလွှဲအပြောင်းပြုလုပ်တာကို လည်း တင်းကျပ်ပြီး UOB ဟောင်ကောင်ဘဏ်ခွဲမှာ မြန်မာဘဏ်တွေ ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားဘဏ်အကောင့် တွေကို ပိတ်သိမ်းမယ်လို့ UOB ဘဏ်က ပြောပါတယ်။
UOB ဘဏ်မှာ မြန်မာဗိုလ်ချုပ်ကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေ၊ ကြွယ်ဝချမ်းသာသူတွေအပြင် နိုင်ငံတ ကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အထူးသဖြင့် စင်ကာပူမှ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင် သူတွေ အသုံးများတဲ့ဘဏ်တစ်ခုဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီအတွက် ပြည်ပဘဏ်စနစ်နဲ့ ငွေကြေးဝန်ဆောင်မှုပေးတာ ဖြတ်တောက်ဖို့ အမေရိကန် နိုင်ငံက စင်ကာပူကို ဖိအားပေးတာကြောင့် UOB ဘဏ်က အခုလိုလုပ်ဆောင်တာလို့ ဘဏ်လုပ်ငန်းလေ့လာသူ အချို့က ပြောပါတယ်။
UOB ဘဏ်က ကြိုတင်အသိပေးပြီးနောက် မြန်မာနိုင်ငံရှိ အကြီးမားဆုံးဘဏ်အချို့က ဖောက်သည်တွေ ကို သတိပေးမှုတွေ စတင်ပြုလုပ်လာခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ငွေကြေးအလွှဲအပြောင်းတွေကို စောင့်ကြည့်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေ မြင့်တက်လာမှုနဲ့အတူ အမေရိကန်နိုင်ငံရဲ့ဖိအားကြောင့် UOB ဘဏ်က အခုလိုဆုံးဖြတ်တာလို့ ရန်ကုန်အခြေစိုက် နိုင်ငံခြားဘဏ်လုပ်ငန်းရှင်တစ်ဉီးက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလတ်က ဧပြီလအတွင်း စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့၊ အရေးပါတဲ့ စင်ကာပူဘဏ်အချို့နဲ့ တွေ့ဆုံပြီးနောက် UOB ဘဏ်က အခုလိုမျိုး မြန်မာ ဘဏ်အကောင့်တွေကို တင်းကျပ်ဖို့ လုပ်ဆောင်လာတာပါ။
UOB ဘဏ်ဟာ ၁၉၉၄ ခုနှစ်မှာ ရန်ကုန်မြို့တော်၌ ကိုယ်စားလှယ်ရုံးခွဲတစ်ခု တည်ထောင်ခဲ့ပြီး၂၀၁၄ ခု နှစ်မှာ ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့ ပထမဆုံးသော နိုင်ငံခြားဘဏ်တွေအနက် တစ်ခုဖြစ်ပါတယ်။
UOB ဘဏ်ရဲ့ ယခုဆုံးဖြတ်ချက်က အကျိုးသက်ရောက်မှု ကြီးမားလာလိမ့်မယ်လို့ ရန်ကုန်မြို့တော်အခြေ စိုက် နိုင်ငံခြားဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဉီးက ပြောပါတယ်။
မြန်မာစစ်တပ်ထံ ဒေါ်လာ ၂၅၄ သန်းတန်ကြေးရှိ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့ရာမှာ စင် ကာပူက ပါဝင်ပတ်သက်မှုရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးရဲ့ မေလ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
စစ်လက်နက်တွေအတွက် ဒေါ်လာသန်းရာချီ ငွေကြေးလွှဲပြောင်းဖို့ လက်နက်ကုန်သည်တွေက စင်ကာပူ ဘဏ်တွေကို အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အစိုးရရဲ့ ပိတ်ပင်ချက်နဲ့အညီ စင်ကာပူဘဏ်တွေက လက်နက်ကုန်သွယ်မှုမှာ မပတ်သက်သလို လိုအပ် ရင် အရေးယူမယ်လို့ စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့က မေလ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီလလယ်မှာ MAI လေကြောင်းလိုင်းရဲ့ ဘဏ်အကောင့်တွေကို ပိတ်ပင်မယ်လို့ အာဏာသိမ်းစစ်ကောင်စီ နဲ့ ပတ်သက်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ MAI လေကြောင်းလိုင်းကို UOB က သတိပေးခဲ့ပါသေးတယ်။
ကိုးကား – Nikkei Asian Review
Ref; Key Singapore bank UOB moves to cut off Myanmar