
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်
မြန်မာ့အရေးနဲ့ပတ်သက်လို့ သဘောထားကွဲလွဲနေတဲ့ အာဆီယံနိုင်ငံတွေက သံတမန်ရေးကြိုးပမ်းမှုတွေ ပြုလုပ်ပေမယ့် သုံးနှစ်မြောက်ရှိလာပြီဖြစ်တဲ့ အဆိုပါအကျပ်အတည်းကို အဖြေရှာဖို့ဆိုရင် သက်ဆိုင်သူအားလုံးက နိုင်ငံရေးဆန္ဒရှိဖို့လိုအပ်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
“မြန်မာနိုင်ငံက အခြေအနေဟာ စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတာ ကျွန်တော်တို့ သတိမူမိပါတယ်။ သက် ဆိုင်ရာ အဖွဲ့အစည်းအားလုံးက နိုင်ငံရေးဆန္ဒရှိမှသာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ်ဆိုတာ ကျွန်တော်တို့ သ ဘောပေါက်ပါတယ်” လို့ အာဆီယံအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားမှာ သူက ပြောပါတယ်။
“မြန်မာ့အကျပ်အတည်းအတွက် အဖြေရှာဖို့ မြန်မာပါဝင်တဲ့ အာဆီယံ ၁၀ နိုင်ငံက ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်လို့ သူက ပြည်ပဧည့်သည်တွေကို ပြောပါတယ်။
“သင်္ဘောကြီးတစ်စင်းဖြစ်တဲ့ အာဆီယံအဖွဲ့က ရှေ့ဆက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သင်္ဘောကြီးက ရှေ့ ဆက်ရွက်လွှင့်ရပါမယ်။ သင်္ဘောကြီး နစ်မြှုပ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောထဲမှာ သန်းရာနဲ့ချီတဲ့ ပြည်သူတွေရှိနေလို့ပါ” လို့ ဂျိုကိုဝီက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌဖြစ်ပြီး စက်တင်ဘာလအတွင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ခေါ်ဆောင်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက စစ် ကောင်စီနဲ့ လျှို့ဝှက်သံခင်းတမန်ခင်းအဖြစ် ထိတွေ့ဆက်ဆံခဲ့ပါတယ်။
အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေဟာ လွန်ခဲ့သောနှစ်နှစ်က မြန်မာစစ်ကောင်စီနဲ့ သဘောတူခဲ့တဲ့ တူညီဆန္ဒငါချက်နဲ့အညီ ရှေ့ဆက်လုပ်ဆောင်မယ်လို့ ဝီဒိုဒိုက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီနဲ့ ဘယ်လို ထိတွေ့ဆက်ဆံ မယ်ဆိုတာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ကြား သဘောထားကွဲလွဲနေပြီး ဘုံသဘောတူညီချက် ဖော်ဆောင်ဖို့ ပျက် ကွက်တာကြောင့် စစ်ကောင်စီကို ဒေသတွင်းအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံကလည်း အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုနဲ့မတူညီဘဲ စစ်ကောင်စီနဲ့ သီးခြားတွေ့ဆုံမှုတွေပြုလုပ် ကာ အလွတ်သဘောဆွေးနွေးမှုတွေ လက်ခံကျင်းပခဲ့ပါတယ်။
ကိုးကား – Digital Journal
Ref; Indonesia says Myanmar solution needs ‘political will’ from all sides