
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်
စစ်ကိုင်တိုင်း၊ ကလေးမြို့မြောက်ဘက် ကလေး-လက်ပံချောင်းကားလမ်းမပေါ် တွင် သြဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ၀န်းကျင်က ဗုံးပေါက်ကွဲကာ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများ ထံကသိရသည်။
ကလေး-လက်ပံချောင်း ကားလမ်းမပေါ်ရှိ ညောင်တော (Tlangzawl) ကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ဗုံးပေါက်ကွဲကာ စုစုပေါင်းအရပ်သား သုံးဦးထိခိုက်ခဲ့ပြီး ဒိုးဝိုင်းချောင်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ် ကိုလားပြန်ပွီးယာသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သြဂုတ် ၈ ရက်နေ့ မွန်းလွဲပိုင်း ၂နာရီ ၅၀မိနစ်ခန့်တွင် သေဆုံးခဲ့ကြောင်း နာရေးကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ထိခိုက်ထားတဲ့ လူ သုံးယောက်က ပျဥ်းတောဦးရွာကို နွားသွားယူပြီး ပြန်လာတဲ့အချိန် ညောင်တောရွာ သင်္ချိုင်းကုန်းနားလမ်းဘေးမှာ ထောင်ထားတဲ့ မိုင်းကို နွားက နင်းမိပြီး ပေါက်ကွဲခဲ့တာပါ။ အဲ့ဒီနေရာတဝိုက်က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိတဲ့ နေရာဆိုတော့ အဲ့ဒီမိုင်းတွေကို ဘယ်အဖွဲ့က ထောင်လဲဆိုတာတော့ အတိကျမသိပါဘူး” ဟု ပျဥ်းတောဦးရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒဏ်ရာရရှိသူ သုံးဦးအနက် ကိုလားပြန်ပွီးယာသည် ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာလည်း ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းနှင့် မိုင်းနင်းမိသော နွားမှာလည်း သေဆုံးသွားပြီဟု သိရသည်။
ကလေး-လက်ပံချောင်းကားလမ်းသည် ကလေးမြို့မြောက်ပိုင်းနှင့် မြို့တွင်းဆက်သွယ်ရာတွင် အဓိကအားထားရသော ကားလမ်းမကြီးဖြစ်ကာ စစ်ကောင်စီ၏ ကလေးအမြောက်တပ်မှ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိသော နေရာများလည်းဖြစ်သည်။