ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၉ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အထွက် မုံရွာ- ချောင်းဦးလမ်းရှိ မြပုလဲဆီဆိုင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် အမျိုးသမီးငယ်များကို အပြစ်ရှာဖမ်းဆီးမှုများ ပြုလုပ်၍ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ လုပ်ဆောင်နေကြကြောင်း သတင်းရရှိသည်။
အဆိုပါလမ်းပိုင်းသို့ ဖြတ်သန်းသွားလာသည့် အမျိုး သမီးငယ်များကို တားဆီး၍ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးကာ အထက်ပါအတိုင်း လုပ်ဆောင်နေ ကြောင်း ဒေသခံများက ပြောသည်။
“အဲဒီနေရာက နာမည်ကြီးပဲ။ အဲဒီလိုလုပ်နေတာ နှစ်လနီးပါးလောက်ရှိနေပြီ။ ဖြတ်သွားတဲ့ မိန်းကလေးတွေကို ချောရင် တစ်လဖမ်းထားတယ်။ မချောရင်တော့ တစ်ပတ်လောက်ပဲကြာတယ် ပြန်လွှတ်တယ်။ ဖမ်း ထားတဲ့ တစ်လျှောက်လုံးလည်း နေ့ရော ညရောအုပ်စု ဖွဲ့ ဝိုင်းပြီးမုဒိမ်းကျင့်ခံရတယ်”ဟု မြောင်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့၀င်များမှ သွားရောက် တိုက်ခိုက်လိုသော်လည်း ဒေသခံများကို ဖမ်းဆီးချုပ်နှောင်ထားသည့်အတွက် တိုက်ခိုက်၍မရ ဖြစ်နေကြောင်း ကာကွယ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။
“ကျွန်တော်တို့ သွားပြီး ဒရုန်းနဲ့ဗုံးကြဲချပြီး တိုက်ခိုက်ချင်ပေမယ့်လည်း ဒေသခံတွေက သူတို့ညီမလေးတွေ ညီကိုမောင်နှမတွေ ဖမ်းခံထားရတယ်လို့ ပြောလာတော့ လုပ်မရဘူးဖြစ်နေတာ။ အဲဒီကောင်တွေ မိန်းကလေးတွေကို ဖမ်းဆီးပြီး အုပ်စုလိုက် မုဒိမ်းကျင့်ကြတာ ကျွန်တော်တို့လည်း ကြားတယ်။ စစ်သားတွေနဲ့ ပျူတွေပေါ့။ အဲဒီဆီဆိုင် ခဏ ခဏလည်းအတိုက်ခံရတယ်။ စစ်တပ်ကကောင်တွေ ပိုင်တဲ့ဆီဆိုင်ပဲ”ဟု မြောင်ဒေသကာကွယ် ရေးတပ်ဖွဲ့၀င် တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် အညာဒေသရှိ ဒေသခံပြည်သူ များ၏ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီး၍ တန်ဖိုးရှိပစ္စည်းများကို စိတ်တိုင်းကျ ယူနေပြီး စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုး ၀င်ရောက်လာလျှင် ဒေသခံများသည် ထွက်ပြေးတိမ်း ရှောင်နေရပြီး တွေ့ရှိပါက ပဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကို ကျူးလွန်ကြသည်။
ဓာတ်ပုံ-စစ်ကောင်စီတပ်သားများ၏ ပုံဟောင်းကိုပြန်လည်အသုံးပြုထားသည်။