
ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဩဂုတ်လ ၉ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ယမန်နေ့ဩဂုတ်လ ၈ ရက်နေ့က ဖြစ်ပွားသည့် ကြာအင်းရွာတိုက်ပွဲတွင် လက်နက်ကြီးပစ်ကူပေးနေသည့် အုတ်ဖြတ်ကျေးရွာမှ စစ်ကောင်စီအဖွဲ့နှင့် အုတ်ဖြတ်စစ်တောင်းမြစ်ကူးတံတားရှိ စစ်ကောင်စီဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ရိုးမစစ်ကြောင်း(၂) ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါး ဦးသေဆုံးပြီး ခြောက် ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အုတ်ဖြတ်ရဲစခန်း အနောက်ဘက်တောအုပ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ကြာအင်းရွာ ဘက်သို့ လက်နက်ကြီးပစ်ကူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းသုံး၍ ၆၀-မမ ဗုံးသီးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ပြီး သုံး ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အောက်ကြာအင်း၊ အထက်ကြာအင်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့လုပ်နေတာ။ အုတ်ဖြတ်ကနေ လက်နက်ကြီးအကူလှမ်းပစ်နေတာ။ အဲ့ဒီတိုက်ပွဲကို ကူပစ်ပေးနေတဲ့ လက်နက်ကြီးတွေကို ဒရုန်းနဲ့ပစ်လိုက်တာ။ လက်နက်ကြီးတွေက တာဝေးသွားတဲ့ လက်နက်ကြီးတွေ ၁၂၂-မမ တွေလို့ယူဆရတယ်။ တစ်ချိန်လုံးပစ်နေတာ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်များကြာအင်းရွာ တိုက်ပွဲကို အာရုံစိုက်နေစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့သည် အုတ်ဖြတ်စစ်တောင်းမြစ်ကူးတံတားရှိ စစ်ကောင်စီစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များအပြင် စနိုက်ပါဖြင့်ပါ တိုက်ခိုက်ခဲ့ရာ တပ်သားတစ်ဦး စနိုက်ပါ ထိမှန်သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဖြူးမြို့နယ်၊ ကြာအင်းရွာသို့ ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
ယခုအခါ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် နတ်သံကွင်းမြို့ကို အဝင်အထွက် မပြုလုပ်ရန်၊ ကျောက်တံခါးမြို့နယ်တွင် ည၆နာရီမှ မနက် ၆ နာရီအတွင်း သွားလာခြင်း မပြုရန်၊ သမင်အင်းကုန်းရွာမှ ကျောက်တံခါး၊ သူဌေးကုန်း ကားလမ်းမပေါ်သို့သွား လာခြင်းမပြုရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တပ်ခွဲ-၁ မှ သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်း