နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၉ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အကြောင်း အမျိုးမျိုးပြ၍ အာဏာ သက်တမ်း ခြောက်လထပ်မံတိုးပြီးနောက် အရေးကြီးသည့် နေရာဌာနနှင့် တပ်တွင်းအပြောင်းအလဲများကို ပိုမိုပြုလုပ်လာပြီး ၎င်းတို့၏ အန္တိမ ရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း ထပ်မံပြောဆိုလာသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ် သည့် စစ်ကောင်စီအဖွဲ့ဝင်သစ်များနှင့် တွေ့ဆုံပွဲတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်နှင့် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မယ်မယ်ရရ အကြောင်းပြချက် မရှိဘဲ တစ်နည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားဝင်ဖြစ်တည်နေသော နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ကို ဖြုတ်ချ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ဥပဒေမဲ့ မတရားရယူခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့၏ တစ်ခုတည်းသော ထွက်ပေါက်သည် အထွေထွေ ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားပုံရ မြန်မာနိုင်ငံ လုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် -NPLUF မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။
“(ဗိုလ်ချုပ်မှူးကြီး)မင်းအောင်လှိုင်အနေနဲ့ သူတို့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ အထွေထွေ ရွေးကောက်ပွဲတစ်ခုကို မကျင်းပနိုင်ခဲ့ရင် နံပတ်တစ် “နိုင်ငံတော် ပုန်ကန်မှု၊ စစ်ပုန်ကန်မှု” ကြိုးစင်သွားရဖို့ဆိုတာ မြန်မာနိုင်ငံက ဥပဒေပညာရှင်နဲ့ ရှေ့နေရှေ့ရပ်တွေက မီးမောင်းထိုး ချပြခဲ့ပြီးပါပြီ။ ဒါကို နွေဦးတော်လှန်ရေး အင်အားစုများနဲ့ ပြည်သူလူထု အတော်များများလည်း Knowledge sharing ရထားပြီး ဖြစ်ပါတယ်” ဟု လွှတ် တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၄၂၁(ခ) အရဟုဆိုကာ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)အစည်း အဝေးခေါ်ယူ၍ နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ဩဂုတ်လ ၁ ရက်မှစ၍ နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်ခဲ့သည်။
နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကာ/လုံအစည်းအဝေးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားနေသည့် တိုင်းလေးတိုင်း (စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ဘက်၊ ပဲခူးတိုင်းအရှေ့ခြမ်း နှင့် တနင်္သာရီတိုင်း) နှင့် ပြည်နယ်သုံးခု (ကယား၊ ချင်း၊ ကရင်)မှ နေရာအချို့ကို ချန်လှပ်ကာ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
“(ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက အခုအချိန်ထိ မကြာခဏ ထုတ်ပြောလေ့ရှိတဲ့ “သူတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ လုပ်ဆောင်နေတယ်” ဆိုတာပါ။ ၂၀၀၈ က ပေးထားချက်တွေအရ အာဏာသိမ်း စစ်တပ်က အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို ကမကထပြုကျင်းပခွင့်ရှိ သလား ဆိုတာ အဲဒီစစ်အုပ်စုက ကိုယ့်ကိုကိုယ် မေးခွန်းပြန်ထုတ်ဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ ကြံရာပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကလည်း ဒီအချက်ကို လေ့လာသုံးသပ် အဖြေထုတ်ပေးဖို့ လိုပါလိမ့်မယ်။ အခု မင်းအောင်လှိုင်ပြောနေတဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ပြီး အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာက လေထဲမှာ တိုက်ဆောက်ပြီး စိတ်ကူးနဲ့ ဖဲရိုက်တဲ့ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ပါလိမ့်မယ်” ဟု လွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာ ခြောက်လ သက်တမ်း ထပ်မံတိုးယူပြီးနောက် ၎င်း၏ စစ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်မြင့်တာဝန်ထမ်းဆောင်နေသူ ၁၀ ဦးကို ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးအပါအဝင် စစ်ရေးအရ အရေးပါသည့် နေရာများကိုလည်း အပြောင်းအလဲပြုလုပ်၍ ၎င်း၏စစ်ကောင်စီ ပြည်ထောင်စုအစိုးရ အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ဩဂုတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
စစ်ခေါင်းဆောင်သည် စစ်ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ၊ ပြည်ထဲရေး၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နေရာခြင်း ချိန်းခဲ့သည်။
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ရိုဟင်ဂျာအရေး ပြည်တွင်းရေးများနှင့် ပတ်သက်၍ တရားရင်ဆိုင်ရန်အတွက် ဦးဆောင်ကော်မတီတွင် ပါ၀င်ဆောင်ရွက်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည့် ပြည်ထဲရေး၀န်ကြီးဖြစ်လာပြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုသည် စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန (၁) သို့ ရောက်ရှိခဲ့သည်။
ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်နေရာခြင်း ပြောင်းလဲခဲ့သည်။
ထိုကြောင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးမှာမူ စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီး ဖြစ်လာသည်။
“အခုဟာက စစ်တုရင်ပွဲက အရုပ်တွေလိုပဲ အထွေထွေ ပြိုကွဲမှု မရောက်ခင်မှာ ဟိုနားရွှေ့လိုက်၊ ဒီနားရွှေ့လိုက် လုပ်နေတာပါ။ ဒါပေမယ့် သူ့(စစ်ကောင်စီတပ်) စစ်တပ်ရဲ့ တပ်မှူး၊ တပ်သားတွေ အားလုံးကိုက စစ်မတိုက်ချင်ကြတော့ဘူး။ ကိုယ့်ပြည်သူလူထု ကိုယ်ပြန်သတ်နေရတဲ့ ဘဝကိုသူတို့က တော်တော်လေးကို နာကြည်း၊ နာကျင်နေကြပါတယ်။ ဒါကြောင့် အခုကသူတို့ကိုယ်တိုင် အသွင်ပြောင်းနိုင်ရင် ပြောင်းတယ်၊ မပြောင်းနိုင်လို့ရှိရင် လက်နက်ချတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး တစ်နှစ် အကြာတွင် တိုင်းမှူး ငါးဦးကို နေရာပြောင်းရွှေ့ခဲ့သော်လည်း ဖမ်းဆီးစစ်ဆေးခြင်းမရှိခဲ့ချေ။ ယခု နှစ်နှစ်ကျော်ကာလတွင်မူ စစ်ကောင်စီတပ်တွင်းရှိ တိုင်းမှူး၊ ဒုတိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူး များကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လာခဲ့သည်။
ဖမ်းဆီး စစ်ဆေးခံနေရသူများတွင် စစ်ခေါင်းဆောင်၏ အယုံကြည်ရဆုံးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အမှတ်(၁) စစ်ဆင်ရေးအထူးဖွဲ့မှူး (ကစထ ၁ မှူး) ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်လည်း ပါဝင်နေသည်။
လက်ရှိဖြစ်နေသည့် စစ်ကောင်စီတပ်၏ စိတ်ဓာတ်ရေးရာ ကျဆင်းမှု၊ စည်းရုံးမှု၊ ဖွဲ့စည်းမှု ပြိုကွဲခြင်းများကို ပတ်တုတ်၍ရမည်ဟု မထင်တော့သလို စစ်ကောင်စီအနေဖြင့် အထွေထွေပြိုကွဲမှုသာ ဖြစ်လာစရာရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး နိုင်က ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်မှနေ၍ တပ်အရန်အင်အားသို့ ပို့ဆောင်မည့်သူ အများ အပြားရှိနေပြီး အရန်အင်အားတွင်ရှိနေ သည့် ဗိုလ်ချုပ်မှ ဗိုလ်မှူးကြီး အဆင့်အပါအ၀င် အရာရှိ ၆၁ ဦးကို အနားပေးခဲ့သည်။
“အဲဒီလို အချိန်းအပြောင်းတွေ လုပ်တာသည် သူက (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) တစ်ဖက် လှည့်တော့မယ်။ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေလက်ထက်က ပုံစံမျိုးပေါ့။ ဒါပေမယ့် တစ်ခုစိတ်ဝင်စားဖို့ ကောင်းတာက မင်းအောင်လှိုင်သည် တပ်ချုပ် အာဏာကို ဆက်ပြီးယူဦးမှာလား၊ ဦးသန်းရွှေလို အပြီးထွက်သွားမှာလား။ ဦးသန်းရွှေဆိုတာက ပြောရမယ်ဆိုရင် သူက အနိုင်နဲ့ပိုင်းသွားတယ်လို့ ပြောလို့ရတယ်။ မင်းအောင်လှိုင် အနေအထားနဲ့က နောက်တပ်ချုပ်သစ်ကလည်း သူ့ကို လက်ခံမှာမဟုတ်ဘူး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်အာဏာရှင်နှင့် စစ်အုပ်စုကို ပြည်သူတစ်ရပ်လုံးက လုံးဝမလိုလားတော့သည့်အတွက် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေချိန်တွင် စစ်ခေါင်းဆောင်၏ မြားဦးသည် ပါတီနိုင်ငံရေး ဘက်သို့လှည့်လာပြီး ၎င်း၏လူများကို ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ထားရန် အတွက် အချို့ခေါင်းဆောင်များကို ရွှေ့ပြောင်းခြင်းဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
စစ်ခေါင်းဆောင်သည် ဩဂုတ်လ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီအဖွဲ့ဝင်သစ်များနှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားဒေသများ တည်ငြိမ် အေးချမ်း ရေးအတွက် စစ်ကောင်စီတပ်အနေဖြင့် NCA ပါ သဘောတူညီချက်များအတိုင်း အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန် လိုကြောင်း ပြောဆိုခဲ့သည်။
“သူတို့(စစ်ကောင်စီ)က စစ်ရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ နိုင်ငံရေး ဘက်စုံက ထွက်ပေါက်မရှိအောင် ပိတ်နေပါတယ်။ အခုသူတို့ နောက်ဆုံးထွက်ပေါက်ရဖို့အတွက် ငြိမ်းချမ်းရေး စကားတွေ၊ တွေ့ဆုံဆွေးနွေးရေး သဘောထားတွေ မသိမသာ ရှေ့တွန်းလာတာ တွေ့ရပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ ပြည်သူတစ်ရပ်လုံးက ကိုယ်တပ်ဆင်ထားတဲ့ လက်နက်နဲ့ ပြည်သူတွေကို ပြန်သတ်ဖြတ်နေတဲ့ စစ်တပ်အပေါ် အကြီးအကျယ် ခါးသီးမုန်းတီးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့၊ တိုးတက်တော်လှန်တဲ့ အင်အားစုတွေရဲ့ စိတ်ထဲမှာ စစ်ကောင်စီနဲ့ ညှိနှိုင်းဖို့ဆိုတဲ့ သဘောထားကတော့ မရှိတော့ပါဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ခေါင်းဆောင်သည် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ရှေးရိုးစွဲကျသည့် အတွေးအခေါ် အယူအဆများဖြင့် စဉ်းစားဆောင်ရွက်နေရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိအခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ကြရန်နှင့် အလားတူ ပြင်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ကို မထိခိုက်စေရန် အထူးသတိပြု ဆောင်ရွက်ရန် လိုကြောင်းလည်း ဆိုထားပြန်သည်။
“အစိုးရနဲ့ စစ်တပ်အကြား၊ လွှတ်တော်နဲ့ စစ်တပ်အကြား၊ ပြည် ထောင်ဘက် အချင်းချင်းအကြားမှာ အာဏာသိမ်းခဲ့တာကိုက NCA ကို ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ NCA ကို ချိုးဖောက်ပြီးတော့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ ပြောကြားမှုတွေဟာ NCA နဲ့ လုံးဝမပတ်သက်ပါဘူး၊ လုံးဝ မသက်ဆိုင်ဘူးဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အုပ်ချုပ်သူ အပြောင်းအလဲ၊ အုပ်ချုပ်မှုပုံစံ အပြောင်းအလဲ အနည်း အကျဉ်းလုပ်ပြီးတော့ သူ့ရဲ့ စစ်အာဏာရှင်စနစ်ကျောရိုးကို ခိုင်မြဲအောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစစ်အာဏာရှင်စနစ် ကျောရိုးကို မျက်နှာဖုံးအမျိုးမျိုး လဲပြီးတော့ ပြောင်းပြီးတော့ တပ်ခဲ့တာဖြစ်ပါတယ်” ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ( PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘော တူညီချက်စာချုပ် (NCA)၏ ကယ်တင်ရှင်ဟု ပြောဆိုနေသော်လည်း အမှန်တကယ်တွင်မူ NCA ကို ရိုက်ချိုးဖျက်ဆီး ဖောက်ဖျက်ခဲ့သူသာ ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ဆိုသည်။
ပုံစာ- စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်